အမှန်တရား ဖောင်းပွမှုတွေ မရှိစေဖို့ လူ့အခွင့်အရေးတွေ ဖော်ဆောင်ပေးစေလို

အမှန်တရား ဖောင်းပွမှုတွေ မရှိစေဖို့ လူ့အခွင့်အရေးတွေ ဖော်ဆောင်ပေးစေလို
Published 19 October 2016
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီး ဦးသန့်ရဲ့ သြဝါဒ အမှာစကားတစ်ခုကို စာရေးသူ အနေနဲ့  အခုဆောင်းပါးမစခင်မှာ မျှဝေပေးလိုပါတယ်။
“စာဖတ်တဲ့ လူမျိုးတွေက တိုးတက်ကြပြီး တိုးတက်တဲ့ လူမျိုးတွေက စာဖတ်ကြတယ်” ဆိုတာဖြစ်ပါတယ်။ စာရေးသူအနေနဲ့လည်း စာအုပ်တွေက အကောင်းဆုံး မိတ်ဆွေဖြစ်တယ်လို့ ခံယူထားပါတယ်။ တွေ့တဲ့သူတိုင်း ကိုလည်း စာဖတ်ကြဖို့ အမြဲတိုက်တွန်းပါတယ်။ လူတစ်ဦးချင်းက စာများများ ဖတ်လာကြရင် မဟုတ်တာ မမှန်တာကို လုပ်ဖို့ စိုးရွံ့သွားပြီး အမှန်တရားကို ချစ်ခင်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။
ဖောင်းပွမှုကို အင်္ဂလိပ်လို Inflation လို့ သုံးပါတယ်။ တစ်စုံတစ်ရာ တန်ဖိုးလျော့နည်း ကျဆင်းသွားတာကို ဆက်စပ်အသုံး ပြုတာဖြစ်ပါတယ်။ အထူးသဖြင့် အသိများနေတာက ငွေကြေးဖောင်းပွမူ Financial Inflation ဖြစ်ပြီး စာရေးသူတို့ နိုင်ငံအပါအဝင် အုပ်ချုပ်စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ နိုင်ငံတွေမှာ ဖောင်းပွမှုဒဏ်ကို အများပြည်သူတွေ ခံစားနေကြရတယ်။ အတိတ်ကာလမှာ စာရေးသူတို့ နိုင်ငံရဲ့ ငွေကြေးလဲလှယ်နှုန်းက အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ခြောက်ကျပ် ဖြစ်ပါတယ်။ အဲဒီအချိန်က ဆွစ်ဇာလန်နိုင်ငံမှာ ရွှေတုံးအပေါင်ထားပြီး ငွေစက္ကူ ရိုက်နှိပ်တာကြောင့် မြန်မာကျပ်ငွေကို နိုင်ငံတိုင်းမှာ လဲလှယ်အသုံးပြုခွင့် ရခဲ့တယ်။ သို့ပေမဲ့ နိုင်ငံရဲ့အာဏာကိုသိမ်းပြီး စစ်အာဏာရှင်ပုံစံနဲ့ နိုင်ငံအုပ်ချုပ်တဲ့ အချိန်မှာ ဆွစ်ဇာလန်ဘဏ်က ရွှေတုံးတွေကို ပြန်လည်ထုတ်ယူပြီး မြန်မာနိုင်ငံအတွင်းမှာ ငွေစက္ကူတွေ ရိုက်နှိပ်လိုက်တဲ့ စက်ရုံတည်ထောင်လိုက်တယ်။ အဲဒီစက်ရုံက ဝါဇီ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ငွေစက္ကူတွေ ရိုက်နှိပ်လိုက်တဲ့ အချိန်ကစပြီး စာရေးသူတို့နိုင်ငံမှာ ငွေကြေးဖောင်းပွမှု တစ်ခုတစ်စ ဖြစ်လာခဲ့တယ်။ အဓိကကတော့ ငွေစက္ကူတွေကို ဘယ်လောက်ဘယ်မျှ ရိုက်နှိပ်တယ်ဆိုတာ နိုင်ငံသားတွေ သိခွင့်မရကြပါ။ ငွေကြေးဆိုင်ရာ ပညာရှင်တွေရဲ့ အဆိုအမိန့်က နိုင်ငံတစ်နိုင်ငံမှာ ပြည်တွင်းမှာ ငွေစက္ကူတွေကို လွန်ကဲစွာရိုက်နှိပ်ရင် ငွေကြေးဖောင်းပွမှု ဖြစ်စေနိုင်တယ်ဆိုတာ ဖြစ်တယ်။ အင်္ဂလိပ်လိုကတော့ “Excess Circulation of Local Currencies” ဖြစ်ပါတယ်။
 
အဲဒီဝါဇီငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ စက်ရုံက အခုအချိန်အထိ တပ်မတော်က ထိန်းချုပ်ကိုင်စွဲထားတယ်လို့ သိရပါတယ်။ အမှန်ကတော့ ငွေစက္ကူဘယ်လောက် ရိုက်နှိပ်တယ်ဆိုတာကို ပြည်သူလူထုကို သိအောင် ထုတ်ပြန်ကြေညာပေးရမယ်။ တစ်ခါမှ မကြေညာခဲ့ပါ။ ဒီလိုနဲ့ ငွေစက္ကူရိုက်နှိပ်မှု လွန်ကဲလာတဲ့အတွက် ငွေကြေးလဲလှယ်နှုန်းက တစ်ဒေါ်လာကို မြန်မာကျပ် ၁၀၀၀ အထိ တက်လာတယ်။ အဲဒီအချိန်က နိုင်ငံအုပ်ချုပ်သူ နိုင်ငံခြားခရီးသွားရင် မြန်မာငွေကျပ် ၃၀၀,၀၀၀ ကို တစ်ဒေါ်လာ ခြောက်ကျပ်နဲ့ လဲသွားတယ်။ ပြန်လာတော့ ပြင်ပပေါက်ဈေးနဲ့ သူယူသွားတဲ့ ဒေါ်လာတွေကို ပြန်လဲလိုက်တဲ့အခါ မြန်မာငွေ ကျပ်သိန်း ၅၀၀ ရ သွားတယ်။ ဒီလိုအခွင့်အရေးက သာမန်လူတွေ မရနိုင်ပါ။
စာရေးသူကိုယ်တိုင်လည်း ငွေကြေးလဲလှယ်နှုန်းကို နှုန်းရှင်အနေနဲ့ တစ်ဒေါ်လာကို ကျပ် ± ကျပ် ၈၀၀ ဖြစ်စေဖို့ ဆောင်းပါးရေးဖူးတယ်။ သို့ပေမဲ့ အဲဒီအချိန်က အဆင့်မြင့် ရာထူးမှာရှိနေသူက တစ်ဒေါ်လာကို ကျပ် ၁၀၀၀ ကျော်အောင် လုပ်ရမယ်လို့ ဆိုတယ်။ ဗဟိုဘဏ်က တာဝန်ရှိသူတစ်ယောက်ကလည်း ငွေကြေးဖောင်းပွပါမှ နိုင်ငံစီးပွားရေး တိုးတက်မယ်လို့ ဆိုသေးဗျား။ စဉ်းစားကြည့် ကြပါ။ သာမန်သူသော်မှ နားလည်တာကို တာဝန်ရှိသူက အဲဒီလိုပြောလိုက်တယ်။ အဓိကကတော့ ငွေကြေးဖောင်းပွမှုတွေဖြစ်စေဖို့ အမှန်တရားတွေ ဖောင်းပွခဲ့တာက တရားခံဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံက နှစ်ပေါင်း ရာစုနှစ်ဝက်ကျော် စစ်အာဏာရှင်ပုံစံက လွဲမှားတဲ့စီမံခန့်ခွဲမှုတွေ လွှမ်းမိုးခံခဲ့ကြရတာကြောင့် အမှန်တရားဖောင်းပွမှုတွေက နေရာတိုင်းမှာ ဖြစ်ပေါ်လာခဲ့တယ်။
လူတစ်ဦးချင်းက အမိဝမ်းတွင်းကနေ မွေးဖွားလာကတည်းက လူ့အခွင့်အရေးတွေကို ပိုင်ဆိုင်လာကြတာ ဖြစ်တယ်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီအထိ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဆိုင်ရာဥပဒေတွေ မရှိခဲ့သေးဘူးလို့ သိရပါတယ်။ အခုအခါမှာတော့ အနီးစပ်ဆုံးအနေနဲ့ နိုင်ငံတကာ ဥပဒေရေးရာ လူ့အခွင့်အရေးတွေရဲ့ စာချုပ်စာတမ်း တွေ ၂၀၀ လောက်ရှိပြီး အဲဒီအထဲက စာချုပ်စာတမ်း ၆၅ ခုက Universal Declaration လို့ခေါ်တဲ့ စကြဝဠာဆိုင်ရာ ကြေညာစာတမ်းကို လုပ်ပိုင်ခွင့်ရဲ့ ရင်းမြစ်တစ်ခုအဖြစ် အသိအမှတ်ပြု ထားကြပါတယ်။
အဲဒီစကြဝဠာဆိုင်ရာ ကြေညာစာတမ်းရဲ့ပုဒ်မ -၁ မှာ လူသားအားလုံးက မွေးဖွားလာကတည်းက တူညီတဲ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေ ပါရှိလာပြီး ဖြစ်တယ်လို့ဆိုပါတယ်။ သူတို့မှာ ကြောင်းကျိုးညီညွတ်မှု လွတ်လပ်စွာ ယုံကြည်ခွင့်ပါလာတာကြောင့် တစ်ဦးနဲ့တစ်ဦး ညီရင်းအစ်ကို စိတ်ဓာတ်နဲ့ပေါင်းစည်း လုပ်ဆောင်သင့်ပါတယ်။
ပုဒ်မ - ၂ မှာတော့ လူတိုင်းက လူမျိုး၊ အရောင်၊ လိင်၊ ဘာသာစကား၊ ဘာသာရေး၊ နိုင်ငံရေးရာ သို့မဟုတ် အခြားထင်မြင်ယူဆချက်၊ အမျိုးသားရေးရာ သို့မဟုတ် လူမှုရေးရင်းမြစ်၊ ပစ္စည်း၊ မွေးရာဇာတိ သို့မဟုတ် အ ခြား အဆင့်အတန်းများကဲ့သို့ တစ်မျိုးမျိုးမှာ ခွဲခြားမှုကွဲပြားမှု မရှိစေတဲ့လူတိုင်းက အခွင့်အရေးအားလုံးကို လွတ်လပ်စွာဖွဲ့စည်းပိုင် ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ ပုဒ်မ-၂ ၊ ပုဒ်မ -၇ နဲ့ အသေးစိတ် ဖော်ပြထားရာမှာ အားလုံးက ဥပဒေအရှေ့မှာ တူညီစွာရှိနေကြပြီး ခွဲခြားမှု တစ်စုံတစ်ရာမရှိဘဲ တူညီတဲ့ ကာကွယ်မှုတွေ ခံစားပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပုဒ်မ -၃ ကနေ ၅ အတွင်းမှာ လူပုဂ္ဂိုလ် ဆိုင်ရာတော် တည့်ဖြောင့်မတ်မှု အခွင့်အရေးများကို ဖွင့်ဆိုထားပြီး ပုဒ်မ - ၃ မှာ ထပ်မံဖော်ပြထားတာက လူပုဂ္ဂိုလ်တွေကို ဘဝလွတ်လပ်မှုနဲ့ လုံခြုံစိတ်ချရမှု အခွင့်အရေးတွေ ပိုင်ဆိုင်ခွင့်ဖြစ်ပါတယ်။ ပုဒ်မ -၄ မှာတော့ ကျွန်ပြုမှု၊ ခိုင်းစေမှုနဲ့ ကျွန်ပြုမှုအတွက် ကုန်ကူးမှုတွေ တားမြစ်ထားတာကို ဖော်ပြထားပါတယ်။ ပုဒ်မ - ၅ မှာတော့ ညှဉ်းပန်းနှိပ်စက်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ လူသားမဆန်မှု သို့မဟုတ် နှိမ့်ချတဲ့ပြုမူမှု သို့မဟုတ် အပြစ်ပေးမှုတွေကို တားမြစ်ထားပါတယ်။ လူသားအချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုကို ကမ္ဘာနဲ့အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချထားကြပါတယ်။
ပုဒ်မ - ၆ ကနေ ၁၂ အတွင်းမှာတော့ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ဖော်ညွှန်းထားပါတယ်။ လူတစ်ဦးချင်းကို ဥပဒေအခွင့်အရေး ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။ ပုဒ်မ - ၁၄ ကတော့ နိုင်ငံတစ်နိုင်ငံက အုပ်ချုပ်လူတန်းစားက ဖိနှိပ်မှု၊ နှိပ်ကွပ်မှုပြုလုပ်ရင် အခြားနိုင်ငံတွေကို ပျော်ရွှင်စွာနေထိုင် နိုင်ခွင့်အတွက် ရှာဖွေပိုင်ဆိုင်ခွင့် ရှိတယ်ဆိုတာဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ အတိတ်ကာလ အုပ်ချုပ်သူတွေရဲ့ နှိပ်ကွပ်မှုကြောင့် နိုင်ငံသား ၁၀ သိန်းဝန်းကျင်လောက်က အခြားနိုင်ငံကို ဝင်ရောက်ခိုလှုံနေကြရတယ်။
ပုဒ်မ - ၁၆ မှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေက အရွယ်ရောက်လာရင် လူမျိုး၊ နိုင်ငံသားနဲ့ ဘာသာရေးကန့်သတ်ချက် တစ်ခုခုမရှိစေဘဲ အသက်ပြည့်ရင် လက်ထပ်ထိမ်းမြားပိုင်ခွင့်ရှိတာကို ဖော်ညွှန်းထားပါတယ်။
ပုဒ်မ - ၁၇ မှာတော့ လူတိုင်းက ပစ္စည်းတွေကို တစ်ဦးတည်းဖြစ်စေ အခြားသူတွေနဲ့ အတူတကွ ပေါင်းစည်း၍ဖြစ်စေ ပိုင်ဆိုင်မှုတွေ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ ပုဒ်မ  -၁၇ မှာတော့ လူတိုင်းက လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်၊ ကိုးကွယ်ပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းပေးထားပါတယ်။ ပုဒ်မ - ၇ မှာလို လူတိုင်းက ဥပဒေအရှေ့မှာတူညီတဲ့ ရင်ဆိုင်မှုကို ခွဲခြားမှုမရှိစေဘဲ ရင်ဆိုင်ခံစားပိုင်ခွင့် ရှိသလို ပုဒ်မ - ၁၉ မှာတော့ လူတိုင်းက မိမိပြောဆိုလိုရာကို လွတ်လပ်စွာ ဖော်ထုတ်ပြေဆိုပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ပါရှိပါတယ်။
ပုဒ်မ - ၂၂ မှာတော့ လူတိုင်းက စီးပွားရေး၊ လူမှုရေးနဲ့ယဉ်ကျေးမှု အခွင့်အရေးတွေ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံရဲ့သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက် တွေနဲ့အညီ မိမိနိုင်ငံအတွင်း သို့မဟုတ် နိုင်ငံတကာနဲ့ပူးပေါင်း ပြီးစီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာကို ဖော်ညွှန်းထားပါတယ်။
စာရေးသူအနေနဲ့ အဓိကကျတဲ့အချက်ကို ရေးသားဖော်ညွှန်းပေးတာ ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ မကြာမီက ဖော်ထုတ်နိုင်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေရဲ့ အိမ်ဖော်အဖြစ်ခိုင်းစေထားတဲ့ ကလေးတွေကို ညှင်းပန်းနှိပ်စက်မှုတွေက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာ အခုမှ တစ်နိုင်ငံလုံးက သိရှိလာကြတာဖြစ်တယ်။ ယခင်ကတော့ ပါးစပ်ပိတ်၊ နားပိတ်နေခဲ့ရတာကြောင့် အရာရာကို ဥပဒေ လွှမ်းမိုးမှုမရှိစေခဲ့ဘဲ ဖြစ်ရပ်အ တော်များများက ဥပဒေလွှမ်းမိုးမှုကို ပေယျာလကန် လုပ်ခဲ့ကြတယ်။ ဥပမာဆိုရင် ငါးလောင်းပြိုင်လူသတ်မှု၊ ကချင်ပြည်နယ်က ကျောင်းဆရာမ နှစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်မှု၊ ဒေါ်ခင်ဝင်းအမှု၊ ကိုပါကြီးအမှုနဲ့ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ လေးလောင်းပြိုင် သတ်မှုတွေဖြစ်ပါတယ်။ လူ့အခွင့်အရေးတွေကို မှန်ကန်စွာ ဖော်ဆောင်ပေးနိုင်မှသာ အမှန်တရားဖောင်းပွမှုတွေ ပပျောက်သွားမှာဖြစ်လို့ ဆိုချင်ကြောင်းပါ။