နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယဝန်ကြီးချုပ် မိုဒီ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယဝန်ကြီးချုပ် မိုဒီ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို
Published 18 October 2016
ငြိမ်းကို

အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီက အောက်တိုဘာ ၁၈ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် တရားဝင် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုကြိုဆိုပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံကို ပြန်ရောက်လာခွင့် ရခဲ့ခြင်းအတွက် အလွန်ဝမ်းမြောက်မိကြောင်းနှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်သည့် ချစ်ကြည်ရင်းနှီးမှု ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု Indian express သတင်းဌာနက ဖော်ပြခဲ့သည်။
“အိန္ဒိယနိုင်ငံကို အထူးသဖြင့် ကျွန်မ နှစ်ပေါင်းများစွာ အချိန်ကုန်လွန်ခဲ့တဲ့ ဒေလီကို နောက်ထပ်တစ်ကြိမ် ပြန်ရောက်လာခွင့် ရခဲ့တဲ့အတွက် ကျွန်မ အလွန်ဝမ်းမြောက်မိပါတယ်။ ကျွန်မအနေနဲ့ ကျွန်မတို့ နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်တဲ့ ချစ်ကြည်ရင်းနှီးမှုတွေရဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့  အိန္ဒိယကို ပြန်ရောက်လာခဲ့တဲ့ အချိန်တိုင်း ကျွန်မတို့အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် နီးကပ်မှုကို နားလည်လာသလို ကျွန်မတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုဟာ အချိန်ကြာရှည်လာတာနဲ့အမျှ ပိုခိုင်မြဲလာမယ်လို့ ကျွန်မယုံကြည်တာကြောင့်ပါ” ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အဆိုပါ အခမ်းအနားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် မဟတ္တမဂန္ဒီ၏ အထိမ်းအမှတ် ဂူဗိမာန်သို့ သွားရောက်ပြီး ပန်းခွေချဂါရဝပြုခဲ့ပြီး Rajghat Samdhi Committee မှ Secretary ဖြစ်သူ Mr.Ranjnish Kumar က ဒေါ်အောင်ဆန်းစုကြည်ကို မဟတ္တမဂန္ဒီ၏ အထိမ်းအမှတ် စာအုပ်နှင့် မဟတ္တမဂန္ဒီပုံတူ ရုပ်တုအား အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံသမ္မတ ပရာနာ့ဘ်မူကာဂျီတို့ အောက်တိုဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - AFP)
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် ၁၁ နာရီတွင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး မစ္စစ်ဆူရှာမာဆွာရာ့ရ်နှင့် နိုင်ငံတော် ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် ၁၂ နာရီတွင် အိန္ဒိယနိုင်ငံသမ္မတ ပရာနာ့ဘ်မူကာဂျီနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုများတွင် နှစ်နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုမြှင့်တင်ရေး အပါအဝင် ဒေသဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
တွေ့ဆုံမှုများသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ခင်စိုးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၇ ရက်က အိန္ဒိယ အဓိကအတိုက်အခံပါတီ အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ မစ္စဆိုနီယာဂန္ဒီကိုလည်း ဒေလီမြို့ရှိ သူ၏နေအိမ်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ဂိုအာမြို့ကို အောက်တိုဘာ ၁၆ ရက်က ရောက်ရှိခဲ့ပြီး  ဘင်းမ်စတက်ထိပ်သီး အစည်းအဝေး (BIMSTEC Retreat) ကို တက်ရောက်ခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အတွက်  နယူးဒေလီမြို့သို့ အောက်တိုဘာ ၁၇ ရက်တွင် ဂိုအာမြို့မှ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။                 
 

Most Read

Most Recent