ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက် ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက် ထုတ်ပြန်
Published 17 October 2016
ငြိမ်းကို

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု ဒါကာအခြေစိုက် The Daily Star သတင်းဌာနက အောက်တိုဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
The Daily Star သတင်းဌာန၏ ဖော်ပြချက်အရ အောက်တိုဘာ ၉ ရက်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများတွင် အပြစ်မဲ့သူများ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် စိုးရိမ်မိကြောင်း၊ သတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးပြီး တရားဥပဒေအရ အပြစ်ပေးရန် မြန်မာအစိုးရကို တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သော ဖြစ်စဉ်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက် တိုက်ခိုက်မှုကို လုံးဝရှုတ်ချလိုက်ကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါကြေညာချက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်သည် တာဝန်ကျေသော အိမ်နီးချင်း နိုင်ငံအဖြစ် တိုက်ခိုက်သူများ အလွယ်တကူ ထွက်ပြေးမလွတ်မြောက်နိုင်ရန် အောက်တိုဘာ ၁၀ ရက် အစောပိုင်း နာရီများကပင် ၎င်း၏နယ်စပ်များကို ပိတ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တစ်ရက်အတွင်း၌ပင် အကြမ်းဖက်ရာတွင် ပါဝင်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး မြန်မာအာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ အမြဲအဆက်အသွယ်လုပ်ပြီး တောင်းခံလာသမျှ အကူအညီတွေကို ပေးနေပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြမ်းဖက် အစွန်းရောက်မှုများနှင့် အကြမ်းဖက်သည့် ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေမှုများကို လုံးဝသည်းခံခြင်း မရှိသည့် မူဝါဒကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လိုက်နာကျင့်သုံး နေကြောင်းလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
 “ဒီလို လိုအပ်နေတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်က မြန်မာကို ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ နှစ်နှစ်လောက် အသားပေး လုပ်ဆောင်နေတဲ့ ဥပဒေလမ်းကြောင်းအောက်မှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေက အကောင်းဆုံး အကောင်အထည် ဖော်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
နှစ်နိုင်ငံတာဝန်ရှိ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုသည် မူးယစ်ဆေးဝါးမှ လူကုန်ကူးမှုများအထိ ဒေသတွင်း မငြိမ်သက်မှုများမှတစ်ဆင့် လက်နက်ကိုင် ထကြွမှုများ ဖြစ်လာနိုင်သည်အထိ အခြေအနေ အားလုံးကို ထိရောက်စွာ ဖြေရှင်းရန် လိုအပ်သည်ဟုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ကြောင်း The Daily Star သတင်းတွင် ဖော်ပြခဲ့သည်။
 

Most Read

Most Recent