ဂျေရုစလင်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းသွင်းရန် မဲခွဲပြီးနောက် အစ္စရေးက ယူနက်စကိုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်း

ဂျေရုစလင်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းသွင်းရန် မဲခွဲပြီးနောက် အစ္စရေးက ယူနက်စကိုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်း
အောက်တိုဘာ ၁၄ ရက်က ဂျေရုစလင်ရှိ အိုးစီးတီးတွင် ဝတ်ပြုနေသော ဂျူးများကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)
အောက်တိုဘာ ၁၄ ရက်က ဂျေရုစလင်ရှိ အိုးစီးတီးတွင် ဝတ်ပြုနေသော ဂျူးများကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)
Published 15 October 2016

လာမည့် သီတင်းပတ်အတွင်း နောက်ဆုံးအကြိမ်အဖြစ် မဲခွဲမှု မပြုလုပ်မီ ယူနက်စကိုက သိမ်းပိုက်ခံ ဂျေရုစလင် အရှေ့ပိုင်း အပါအဝင် သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် နှစ်ရပ်ကို အတည်ပြုလိုက်ပြီးနောက် အစ္စရေးက အောက်တိုဘာ ၁၄ ရက်တွင် ယူနက်စကိုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ယူနက်စကို ညွှန်ကြားရေးမှူးချုပ် အီရီနာဘိုကိုဗာထံသု့ိ ပေးပို့သည့် စာတစ်စောင်တွင် အစ္စရေးပညာရေးဝန်ကြီး နာဖတာလီဘင်းနက်က ယူနက်စကိုသည် ဂျူးတို့၏ ဂျေရုစလင်နှင့် ဆက်နွှယ်နေသော ထောင်နှင့်ချီသည့်နှစ်များကို လျစ်လျူပြုလျက် အစ္စလာမ္မစ် အကြမ်းဖက်များကို ကူညီသည်ဟု စွပ်စွဲ ပြောကြားခဲ့သည်။
“ယူနက်စကိုဆိုင်ရာ အစ္စရေးအမျိုးသား ကော်မရှင်ကို နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ပရော်ဖက်ရှင်နယ်ဆိုင်ရာ လုပ်ဆောင်ချက်တွေ အားလုံး ရပ်ဆိုင်းဖို့ ကျွန်တော် အကြောင်းကြားလိုက်ပါတယ်” ဟု ဘင်းနက်က ပြောကြားခဲ့သည်။
ဘိုကိုဗာကမူ “ဂျေရုစလင်ထက်ပိုပြီး  ဂျူး၊ ခရစ်ယာန်နဲ့ မွတ်စလင်တို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်နဲ့ ဓလေ့ထုံးတမ်းတွေ အတူတကွ ရှိနေတဲ့ နေရာမျိုး မရှိပါဘူး” ဟု ပြောကြားလျက် ထုတ်ပြန်ချက် တစ်ရပ်၌ ပါရှိသော ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ရပ်တည်ခဲ့ခြင်း မရှိပေ။
အောက်တိုဘာ ၁၃ ရက်က ကော်မတီ အဆင့်၌ အတည်ပြုခဲ့သော ဆုံးဖြတ်ချက်များသည် “သိမ်းပိုက်ခံထားရသော ပါလက်စတိုင်း” ဟု ရည်ညွှန်းကာ ပါလက်စတိုင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့် အရှေ့ ဂျေရုစလင်၏ တစ်မူထူးခြားသော စရိုက်လက္ခဏာများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ဖော်ပြနေသည်။
ယင်းဆုံးဖြတ်ချက်များထဲတွင် အစ္စလာမ် ဘာသာဝင်တို့က တတိယမြောက် အထွတ်အမြတ်အထားဆုံး နေရာဖြစ်သော ဂျေရုစလင် အရှေ့ပိုင်း အိုးစီးတီးရှိ အယ်အက်ဆာဗလီဝင်းကို ရည်ညွှန်းခဲ့သောလည်း မောင့်ကျောင်းတော်ကဲ့သို့ ဂျူးတို့ အထွတ်အမြတ်ထားသော နေရာများကို ထည့်သွင်းရည်ညွှန်းခဲ့ခြင်း မရှိပေ။
အောက်တိုဘာ ၁၃ ရက်တွင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “အစ္စရေးက မောင့်ကျောင်းတော်၊ ဝက်စတန်းဝေါတွေနဲ့ ဆက်နွှယ်မှု မရှိဘူးလို့ ပြောရင် တရုတ်က မဟာတံတိုင်းနဲ့ ဆက်နွှယ်မှု မရှိဘူးလို့ ပြောတာမျိုး၊ အီဂျစ်က ပိရမစ်တွေနဲ့ ဆက်နွှယ်မှု မရှိဘူးလို့ ပြောတာမျိုးတွေနဲ့ အတူတူပါပဲ” ဟု ပြောကြားလျက် အထွန့်တက်ခဲ့သည်။
ဘိုကိုဗာသည် သူ၏ ထုတ်ပြန်ချက်ထဲတွင် ဆုံးဖြတ်ချက်များကို အထူးပြုဖော်ပြခြင်း မရှိသော်လည်း မောင့်ကျောင်းတော်ကို ရည်ညွှန်းကာ ထည့်သွင်းပြောကြားခဲ့သည်။
“ဂျေရုစလင်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ခွဲခြားလို့ မရပါဘူး။ ဂျေရုစလင်ရဲ့ လူ့အဖွဲ့အစည်း အသီးသီးမှာ မြို့နဲ့ပတ်သက်တဲ့ သူတို့ရဲ့ သမိုင်းနဲ့ ဆက်နွှယ်ချက်တွေကို အသိအမှတ်ပြုခံရအောင် ဖော်ထုတ်ပြသဖို့ အခွင့်အရေးတစ်ရပ် ရှိပါတယ်” ဟု ဘိုကိုဗာက ပြောကြားခဲ့ကြောင်း သိရသည်။
Ref: AFP

Most Read

Most Recent