ထရန့်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုခဲ့သည်ဟူသည့် စွပ်စွဲချက် အသစ်များကို ပယ်ချ

ထရန့်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုခဲ့သည်ဟူသည့် စွပ်စွဲချက် အသစ်များကို ပယ်ချ
Published 15 October 2016

ဒေါ်နယ်ထရန့်သည် ၎င်းတို့အား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုခဲ့သည်ဟု စွပ်စွဲသည့် နောက်ထပ် အမျိုးသမီးနှစ်ဦး ထွက်ပေါ်လာခဲ့သော်လည်း ထရန့်က အောက်တိုဘာ ၁၄ ရက်တွင် လှောင်ပြောင်သရော်ကာ ပယ်ချခဲ့သည်။ သူက ၎င်းတို့ကို နိုင်ငံတကာ နိုင်ငံရေးနှင့် မီဒီယာကြံစည်မှု တစ်ရပ်ဟု ခေါ်ဆိုလိုက်ပြီး ရှုတ်ချမှု ပြုလုပ်ခဲ့သည်။
လတ်တလောတွင် သမ္မတ ဘာရက် အိုဘားမားက ရီပက်ဘလီကင် သမ္မတလောင်းကြောင့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌ အမေရိကန်၏ ဒီမိုကရေစီသည် အန္တရာယ် ရှိနေကြောင်း သတိပေးခဲ့သည်။
ထရန့်သည် မဲဆွယ်ပွဲတစ်ခု၌ မိန့်ခွန်း ပြောနေစဉ် သူ၏ The Apprentice ရုပ်သံ အစီအစဉ်၌ ပါဝင်ယှဉ်ပြိုင်ဖူးသော ဆမ်းမားဇာဗော့ဆိုသူ အမျိုးသမီးသည် ရှေ့သို့ ထွက်လာပြီး ၂၀၀၇ ခုနှစ်က ကယ်လီဖိုးနီးယား ဟိုတယ်တစ်ခု၌ တွေ့ဆုံမှုအတွင်း ထရန့်သည် သူ့အား နမ်းကာ ပေါင်ကြားကို ကိုင်ခဲ့ပြီး သူ၏ လိင်အင်္ဂါများနှင့် အတင်းထိစေခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ထရန့်၏ မဲဆွယ်ရေးအဖွဲ့က ကြေညာချက်တစ်ရပ်တွင် ထရန့်သည် ဇာဗော့ကို ခပ်ရေးရေး မှတ်မိကြောင်းနှင့် ရုပ်သံအစီအစဉ် ပြီးဆုံးပြီးသည့် နောက်တွင် အဆိုပါ အမျိုးသမီးက သူ၏ရုံးသို့ အီးမေးလ်များ ဆက်လက် ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဇာဗော့၏ စွပ်စွဲချက်များကိုမူ ပယ်ချခဲ့သည်။
အောက်တိုဘာ ၁၄ ရက်မှာပင် ရည်မှန်းချက်ကြီးမားသော မော်ဒယ်ဟောင်းတစ်ဦး ဖြစ်သည့် ခရစ္စတင်အန်းဒါးဆင်းက ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ထရန့်သည် နိုက်ကလပ်တစ်ခု၌ သူ့ထံသို့ မယောင်မလည် ချဉ်းကပ်လာပြီး သူ၏ စကက်အောက်သို့ လက်လျှိုကာ အတွင်းခံဘောင်းဘီကို ဖြတ်လျက် သူ၏ အမျိုးသမီး အင်္ဂါကို ကိုင်ခဲ့သည်ဟု ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသမီးနှစ်ဦးသည် ထရန့်၏ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အမူအကျင့်များနှင့် ပတ်သက်၍ စွပ်စွဲကြသော နောက်ဆုံး အမျိုးသမီးများ ဖြစ်လာပြီး ကျဆင်းနေသော ထရန့်၏ မဲဆွယ်စည်းရုံးရေးကို ဖိအား ထပ်မံဖြစ်ပေါ်စေခဲ့သည်။
အောက်တိုဘာ ၁၄ ရက်တွင် ထရန့်၏ ဒီမိုကရက်တစ်ပြိုင်ဘက် ဟီလာရီကလင်တန်က ရွေးကောက်ပွဲအား မယုံကြည်ဖွယ် ကောင်းလောက်အောင် နာကျင်ဖွယ်ကောင်းသည်ဟု ပြောကြားခဲ့သည်။
“ကျွန်မရဲ့ ပြိုင်ဘက်ရှိနေတဲ့ တစ်ဘက်ခြမ်းမှာ ဖြစ်ပျက်နေတာတွေကို ကျွန်မ လုံး၀ စိတ်မချမ်းသာပါဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်မ လုံးလုံး မပျော်ပါဘူး။ ဒါက ကျွန်မတို့ရဲ့ ဒီမိုကရေစီကို ထိခိုက်ပါတယ်” ဟု ဟီလာရီကလင်တန်က ဝါရှင်တန်ပြည်နယ် စီယက်တယ်မြို့၌ ပြုလုပ်သော မဲဆွယ်ပွဲတစ်ခု၌ လူအုပ်ကြီးအား ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် ၂၀၀၅ ခုနှစ်က ထရန့်၏ အသံဖိုင်တစ်ခု ထွက်ပေါ်လာပြီးနောက် ထရန့်အပေါ် အမျိုးသမီးများ၏ စွပ်စွဲမှုများ ဆက်တိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ အသံဖိုင်တွင် ထရန့်က  သူသည် ကျော်ကြားသူ ဖြစ်သောကြောင့် အမျိုးသမီးများ၏ ခွကြားကိုကိုင်ကာ ဘာမျှ မဖြစ်ဘဲ ထွက်သွားနိုင်သည်ဟု ကြွားဝါထားသည်။
Ref: AFP

Most Read

Most Recent