ဆီးရီးယား ပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးပွဲသစ်ကို ဆွစ်ဇာလန်တွင် ပြန်လည်စတင်

ဆီးရီးယား ပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးပွဲသစ်ကို ဆွစ်ဇာလန်တွင် ပြန်လည်စတင်
အောက်တိုဘာ ၁၀ ရက်က အလက်ပိုမြို့ မြောက်ဘက်တွင် IS အဖွဲ့ ဂျီဟတ်များကို တိုက်ခိုက်နေသော အတိုက်အခံ ဆီးရီးယား သူပုန်များကို တွေ့ရစဉ် (Photo: AFP)
အောက်တိုဘာ ၁၀ ရက်က အလက်ပိုမြို့ မြောက်ဘက်တွင် IS အဖွဲ့ ဂျီဟတ်များကို တိုက်ခိုက်နေသော အတိုက်အခံ ဆီးရီးယား သူပုန်များကို တွေ့ရစဉ် (Photo: AFP)
Published 15 October 2016

ယခုလ အစောပိုင်းတွင် ရုရှားနှင့် ရရှိခဲ့သော ဆီးရီးယား၌ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အမေရိကန်က ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း ဆီးရီးယား ပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် သံတမန်ရေးရာ ဆွေးနွေးပွဲသစ်ကို ဆွစ်ဇာလန်တွင် အောက်တိုဘာ ၁၅ ရက်၌ ပြန်လည် စတင်ခဲ့သည်။ အလက်ပိုတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆွစ်ဇာလန်၏ လိုဇန်းမြို့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်နှင့် ကုလသမဂ္ဂနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများမှ ထိပ်တန်း သံတမန်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
သို့သော် ယင်းဆွေးနွေးပွဲ မစတင်မီ လက်ရော့ဗ်က ယင်းနောက်ဆုံး သံတမန်ရေးရာ ကြိုးပမ်းမှုထံမှ အထူးမျှော်လင့်ထားစရာ မရှိကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့ဟု ရုရှားသတင်းအေဂျင်စီများက ထုတ်ပြန်ခဲ့ရာ သဘောတူညီချက်သစ်များ ရရှိမည်ဟု မျှော်လင့်ချက်များကို အားလျော့စေခဲ့သည်။ ပြင်သစ်သံတမန် တစ်ဦးကလည်း ယခင် (သဘောတူညီချက်) ကြိုးပမ်းမှုများမှ ရလဒ်များကို သုံးသပ်ပါက ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယင်းဆွေးနွေးမှုသစ်နှင့် ပတ်သက်၍ သံသယရှိကြောင်း ဆိုခဲ့သည်။
ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ် အစိုးရက အလက်ပို အရှေ့ပိုင်းတွင် အပြင်းအထန် တိုက်ခိုက်မှုများအား လျှော့ချမည့် အရိပ်အယောင် မပြချိန်တွင် အမေရိကန်နှင့် ရုရှားတို့က ခဏတာ ခံခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပြန်လည်ဖော်ဆောင်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။ သူပုန် ထိန်းချုပ်ထားသည့် အလက်ပို အရှေ့ပိုင်းတွင် ရုရှားလေကြောင်း ထောက်ကူမှုဖြင့် ဆီးရီးယား အစိုးရက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့မှုကြောင့် ယင်းနှစ်နိုင်ငံအကြား ရရှိခဲ့သော သဘောတူညီချက်သည် အလျင်အမြန်ပင် ကျိုးပျက်ခဲ့သည်။ ယင်းထိုးစစ်ဆင်မှုသည် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အလားအလာ ရှိသည်ဟု အနောက်နိုင်ငံများက စွပ်စွဲခဲ့ကြသည်။
လက်ရော့ဗ်က ယင်းဆွေးနွေးပွဲသစ်တွင် ရုရှားက အစီအစဉ်သစ်များ ထုတ်ပြန်ရန် အစီအစဉ် မရှိဟုလည်း အောက်တိုဘာ ၁၄ ရက်တွင် အခိုင်အမာ ပြောကြားခဲ့သည်။ ယခင် ရရှိထားသော ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့် ပျက်ပြားသွားပြီဖြစ်သော အမေရိကန်နှင့် ရုရှားအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား အကောင်အထည် ဖော်နိုင်ရန်အတွက် ခိုင်မာသောခြေလှမ်းများ လှမ်းရန်သာ ရုရှားက တောင်းဆိုသွားမည်ဖြစ်ကြောင်း လက်ရော့ဗ်က ပြောကြားထားသည်။
ယင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပြီးနောက် ကယ်ရီသည် လန်ဒန်သို့ အောက်တိုဘာ ၁၆ ရက်တွင် သွားရောက်မည်ဖြစ်ပြီး ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဖွယ်ရှိသည်။ သို့သော် ယခုဆွေးနွေးပွဲသစ်တွင် လူပေါင်း ၃၀၀၀၀၀ ခန့် သေဆုံးခဲ့ပြီး ငါးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သော ဆီးရီးယား ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဟု လေ့လာသုံးသပ်သူများက မမျှော်လင့်ထားပေ။
Ref: AFP

Most Read

Most Recent