ဘုရင်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းနေသည့် ထိုင်းနိုင်ငံတွင် အနက်ရောင် အဝတ်အထည်များ အရောင်းသွက်

ဘုရင်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းနေသည့် ထိုင်းနိုင်ငံတွင် အနက်ရောင် အဝတ်အထည်များ အရောင်းသွက်
Published 15 October 2016

ချစ်ခင်ကြည်ညိုရသော ဘုရင် ဘူမိဘော အဒူလျာဒက် ကွယ်လွန်မှုကြောင့် ဝမ်းနည်းကြေကွဲနေသည့် ထိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနက်ရောင် အဝတ်အထည်များ ပြတ်လပ်မှု ဖြစ်လာနိုင်ကြောင်း အစိုးရက သတိပေးခဲ့သည်။  
ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဝတ်ဆင်နိုင်ရန် အနက်ရောင် အဝတ်အထည်များကို ဈေးကွက်ထဲသို့ ပုံမှန်ပံ့ပိုးနိုင်စေရေးအတွက် ထုတ်လုပ်သူများနှင့်အတူ ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်သည်ဟု ကုန်သွယ်ရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ပြီး ဈေးတင်ရောင်းချမည့် ကုန်သည်များကို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။
ထိုင်းနိုင်ငံကို နှစ် ၇၀ ကျော်ကြာ အုပ်စိုးခဲ့ပြီး ထိုင်းပြည်သူတို့၏ ကြည်ညိုမြတ်နိုးမှု ခံရသည့် ဘုရင်ဘူမိဘောသည် အောက်တိုဘာ ၁၃ ရက်က အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်သွားသဖြင့် ထိုင်းနိုင်ငံ တစ်ခုလုံး ဝမ်းနည်းကြေကွဲနေသည်။ ထို့ကြောင့် လာမည့်လအတွင်း ကျင်းပမည့် လူမှုရေး ပွဲလမ်းသဘင်များကို ဖျက်သိမ်းကာ ရုပ်သံအစီအစဉ်များ၊ ညပိုင်းအပန်းဖြေမှုများကို ဘုရင် ဈာပနအား လေးစားသည့်အနေဖြင့် လျှော့ချကြရန် အမိန့်ထုတ်ထားသည်။ ထိုအမိန့် ညွှန်ကြားချက်များကြောင့် ထိုင်းစီးပွားရေး ထိခိုက်မည်ကို စိုးရိမ်နေကြသော်လည်း အနက်ရောင် အဝတ်အထည်များမှာမူ အလွန် အရောင်းသွက်နေသည်။
ကုန်ထုတ်လုပ်သူများက ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်သည့် အချိန်အထိ ဝမ်းနည်းကြေကွဲခြင်း သင်္ကေတ ဝတ်စုံနက်များအား ဝယ်ယူခြင်းကို ခေတ္တရပ်ဆိုင်းထားကြရန် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ပြည်တွင်းကုန်သွယ်ရေး ကဏ္ဍမှ အထွေထွေ ဒါရိုက်တာဖြစ်သူ နန်တာဝမ်ဆခွန်တာနဂါက ပြည်သူများကို တိုက်တွန်းခဲ့သည်။
“ဈေးကွက်ထဲမှာ ဝတ်စုံနက်တွေ ရက်အတန်ကြာအောင် ရှားပါးနေနိုင်ပါတယ်။ ဒါပေမဲ့ အထည်ထုတ်လုပ်သူတွေဟာ လုံး၀ ပြတ်လပ်သွားတာမျိုး မဖြစ်စေဖို့၊ ဈေးနှုန်းလည်း မှန်ကန်စေဖို့ ကြိုးပမ်းနေကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း The Nation သတင်းစာထဲတွင် ဖော်ပြခဲ့သည်။ ဘုရင်ကြီး ကွယ်လွန်ပြီးနောက်ပိုင်း အနက်ရောင် အဝတ်အထည်များကို အချို့သော နေရာများတွင် ပုံမှန်ဈေးထက် နှစ်ဆတင်၍ ရောင်းချနေကြရာ ထိုသို့ ဈေးတင်ရောင်းချသူများကို ငွေဒဏ်အဖြစ် ဘတ်ငွေ ၁၄၀၀၀၀ (ဒေါ်လာ ၃၉၀၀) နှင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်မည်ဖြစ်ကြောင်း နန်တာဝမ်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၄ ရက်က ဘုရင်၏ ရုပ်ကလာပ်ကို ဘန်ကောက်မြို့တွင် ဘုရင် ကွယ်လွန်ခဲ့သည့် ဆေးရုံမှ နန်းတော်သို့ ပို့ဆောင်သည့် မော်တော်ယာဉ်တန်း၏ သွားရာလမ်းတစ်လျှောက်၌ လူထောင်ပေါင်းများစွာ စောင့်နေခဲ့ကြသည်ဟု သိရသည်။
ဘူမိဘောသည် ထိုင်းနိုင်ငံသား အများစုအတွက် ၎င်းတို့ ဘဝတွင် ကြုံတွေ့ခဲ့ရသည့် တစ်ဦးတည်းသော ဘုရင်ဖြစ်သည်။ တစ်နိုင်ငံလုံး၏ ဖခင်သဖွယ် ဖြစ်နေသသည့်အပြင် ရိုးသားဖြောင့်မတ်ခြင်း၏ ပြယုဂ်တစ်ခုလည်း ဖြစ်သော ဘုရင်ဘူမိဘော ကွယ်လွန်ခြင်းသည် ထိုင်းပြည်သူ သန်းပေါင်းများစွာအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့သည်။
Ref: AFP

Most Read

Most Recent