ဆရီကာတိုင်ဖွန်းကြောင့် ဖိလစ်ပိုင်တွင် အပြင်းထန်ဆုံးသော ပျက်စီးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိ

ဆရီကာတိုင်ဖွန်းကြောင့် ဖိလစ်ပိုင်တွင် အပြင်းထန်ဆုံးသော ပျက်စီးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိ
Published 15 October 2016

ဖိလစ်ပိုင်၏ လူဦးရေထူထပ်သော ကျွန်းမကြီးကို ဦးတည်နေသည့် ဆရီကာ တိုင်ဖွန်းကြောင့် ဖိလစ်ပိုင်သည် အပြင်းထန်ဆုံးသော ပျက်စီးမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
တစ်နာရီ ၁၁၂ မိုင် (၁၈၀ ကီလိုမီတာ) ထိ လေတိုက်နှုန်းရှိသော ဆရီကာတိုင်ဖွန်းကြောင့် အရှေ့ဘက် ကာတန်ဒူအာနက်စ်ကျွန်းတွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်ခဲ့ကြောင်း ဖိလစ်ပိုင် ပြည်သူ့ကာကွယ်ရေးရုံးက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သို့ ယခုနှစ်အတွင်း ဝင်ရောက်သည့် မုန်တိုင်းများတွင် အင်အားအပြင်းဆုံးမုန်တိုင်း မဟုတ်သော်လည်း ဆရီကာသည် မနီလာ မြောက်ဘက်ရှိ လူဦးရေ သိပ်သည်းသော နေရာကို ဖြတ်သန်းမည်ဖြစ်သောကြောင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်နိုင်ကြောင်း ဖိလစ်ပိုင် မိုးလေဝသ အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မုန်တိုင်းသည် ဖျက်အားပြင်းပြီး အိမ်များ၊ သစ်ပင်များကို ဖျက်ဆီးနိုင်ကြောင်း ရေဒါမှတစ်ဆင့် ကြိုတင်သိမြင် တွေ့ရှိထားသည်ဟု ၎င်းက ပြောကြားခဲ့သည်။ ဆရီကာသည် အောက်တိုဘာ ၁၆ ရက် အရုဏ်မတိုင်မီ လူဇွန်ကျွန်းမကြီး၏ အရှေ့ဘက် ကမ်းရိုးတန်းကို ဝင်ရောက်မည်ဟု ဖိလစ်ပိုင် မိုးလေဝသ ဌာနက ခန့်မှန်းထားသည်။
မနီလာ မြို့ပြဧရိယာကိုပင် သက်ရောက်နိုင်သော ဆရီကာ တိုင်ဖွန်းကြောင့် အနိမ့်ပိုင်း ဒေသများတွင် ရေကြီးနိုင်ပြီး တောင်တန်းထူထပ်သော နေရာများတွင် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။ ပစိဖိတ် သမုဒ္ဒရာအတွင်းမှ ဝင်ရောက်လာသော မုန်တိုင်းများကြောင့် ဖိလစ်ပိုင်ကျွန်းများသည် တစ်နှစ်လျှင် မုန်တိုင်း ၂၀ ခန့်ကို ရင်ဆိုင်ရပြီး အများစုသည် အင်အားပြင်း မုန်တိုင်းများ ဖြစ်သည်။ ဖိလစ်ပိုင်တွင် အင်အား အပြင်းဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းဝင်ထားသည်မှာ ဟိုင်ယန်တိုင်ဖွန်းဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက်က ဖိလစ်ပိုင်အလယ်ပိုင်းကို ဝင်ရောက်ခဲ့သော ယင်းမုန်တိုင်းကြောင့် လူ ၇၃၅၀ အသေအပျောက် ရှိခဲ့သည်။
Ref: AFP

Most Read

Most Recent