စီးပွားရေး နှေးကွေးနေသော တရုတ်တွင် သန်းကြွယ်သူဌေးများ စံချိန်တင် မြင့်တက်

စီးပွားရေး နှေးကွေးနေသော တရုတ်တွင် သန်းကြွယ်သူဌေးများ စံချိန်တင် မြင့်တက်
Published 14 October 2016

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီး တရုတ်တွင် ယမန်နှစ်က စီးပွားရေး တိုးတက်မှု နှေးကွေးခဲ့သော်လည်း ယခုနှစ်တွင် သန်းကြွယ်သူဌေးများ ပို၍ များပြားလာခဲ့ကြောင်း ရှန်ဟိုင်းအခြေစိုက် ကြွယ်ဝမှုလေ့လာရေး အစီရင်ခံစာ Hurun Report က အောက်တိုဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
တရုတ်တွင် ဒေါ်လာ ၂၉၇ သန်းနှင့်အထက် ကြွယ်ဝသော လူပုဂ္ဂိုလ် ၂၀၅၆ ဦး ရှိလာခဲ့ပြီး ယမန်နှစ်က ၁၈၇၇ ဦးရှိခဲ့ရာမှ ယခုနှစ်တွင် သန်းကြွယ်သူဌေး အရေအတွက် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်စီးပွားရေးသည် ၆ ဒသမ ၉ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ၂၅ နှစ်အတွင်း အနိမ်ဆုံးတိုးတက်မှု ဖြစ်ခဲ့သည်။
အိမ်ခြံမြေလုပ်ငန်းနှင့် ဖျော်ဖြေရေး လုပ်ငန်း သူဌေးကြီး ဝမ်ကျန်းလင်သည် ဒေါ်လာ ၃၂ ဒသမ ၁ ဘီလျံဖြင့် တရုတ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့သည်။ Wanda Group ဥက္ကဋ္ဌဖြစ်သူ ဝမ်ကျန်းလင်သည် ယမန်တစ်နှစ်ကထက် ချမ်းသာမှု နှစ်ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
တရုတ်၏ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း Alibaba ကို တည်ထောင်သူ ဂျက်မားသည် ယမန်တစ်နှစ်ကထက် ကြွယ်ဝမှု ၄၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၃၀ ဒသမ ၆ ဘီလျံဖြင့် တရုတ်၏ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကို ရယူခဲ့ကြောင်း Hurun အစီရင်ခံစာက ဆိုသည်။
အွန်လိုင်းဂိမ်းနှင့် ဆက်သွယ်ရေးလုပ်ငန်း Tencent ၏ ဥက္ကဋ္ဌဖြစ်သူ ပိုနီမားသည် ဒေါ်လာ ၂၄ ဒသမ ၆ ဘီလျံဖြင့် တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ ယခုနှစ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်း၌ အမြန်ဆုံးနှုန်းဖြင့် တိုးတက်ခဲ့သူ တစ်ဦးမှာ စတုတ္ထ အချမ်းသာဆုံးပုဂ္ဂိုလ် ယောင်ကျန်းဝါဖြစ်သည်။
ယောင်သည် အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်း၌ ယမန်နှစ်ကထက် အဆင့် ၂၀၀ တက်ခဲ့ပြီး ယခုနှစ်တွင် စတုတ္ထနေရာသို့ ခုန်ကျော် ရောက်ရှိလာခဲ့သည်။ ယောင်သည် ဒေါ်လာ ၁၇ ဒသမ ၂ ဘီ လျံအထိ ကိုးဆတိုး ချမ်းသာခဲ့သည်။ ယောင်သည် ယမန်နှစ်က တရုတ်၏ ထိပ်တန်းအိမ်ခြံမြေလုပ်ငန်း Vanke ကို ဝယ်ယူခဲ့ပြီး ထင်ရှားခဲ့သူဖြစ်သည်။
ယောင်၏ ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှု စံပြပုံစံသည် ဓနဖန်တီးမှု လှိုင်းသစ်တစ်ခုကို ကိုယ်စားပြုနေကြောင်း Hurun Report ၏ ဥက္ကဋ္ဌဖြစ်သူ ရူးပက်ဟူဂဲဝက်က ပြောကြားခဲ့သည်။ လွန်ခဲ့သော အနှစ် ၂၀ က တရုတ်တွင် ကုန်သွယ်မှုဖြင့် ဓနဖန်တီးနိုင်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ကုန်ထုတ်လုပ်ငန်း၊ အိမ်ခြံမြေနှင့် ဆက်သွယ်ရေး နည်းပညာတို့ဖြင့် ဓနကို တည်ဆောက်ခဲ့ကြောင်း ယနေ့ခေတ်တွင် အရင်းအနှီးဈေးကွက်ကို အသုံးပြု၍ ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေကြကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုနှင့် သတင်းအချက်အလက် နည်းပညာ လုပ်ငန်းတို့သည် ဓနဖန်တီးရေးအတွက် ခေတ်အစားဆုံး နယ်ပယ်များ ဖြစ်ပြီး အချမ်းသာဆုံး ပုဂ္ဂိုလ်များ၏ ၂၃ ရာခိုင်နှုန်းသည် ယင်းနယ်ပယ်များမှဖြစ်ကြောင်း Hurun ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။
Ref: AFP

Most Read

Most Recent