ရာဇဝတ်သားများအား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုသည် ပြီးပြည့်စုံကြောင်း ဒူတာတေး ပြောကြား

ရာဇဝတ်သားများအား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုသည် ပြီးပြည့်စုံကြောင်း ဒူတာတေး ပြောကြား
Published 14 October 2016

ရာဇဝတ်သားများအား သတ်ဖြတ်ရန် ၎င်း၏ ခြိမ်းခြောက်မှုသည် ပြီးပြည့်စုံကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက အောက်တိုဘာ ၁၄ ရက်တွင် ကာကွယ်ပြောကြားခဲ့သည်။ သတ်ဖြတ်မှုများ လုပ်ဆောင်ရန် လှုံ့ဆော်နေခြင်းကြောင့် ဒူတာတေးသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (အိုင်စီစီ) ၏ တရားစွဲခံရနိုင်ကြောင်း အိုင်စီစီမှ ရှေ့နေချုပ် ဖာတူဘင်ဆိုဒါက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
“ရာဇဝတ်သားတွေကို သတ်ဖို့ ခြိမ်းခြောက်တာ ဘာများ မှားလို့လဲ။ ဒီကြေညာချက် တစ်ခုတည်းကိုပဲ ကြည့်လေ။ ‘မင်းတို့ ရာဇဝတ်သားတွေ။ ငါ မင်းတို့ကို သတ်မယ်။ ကြောင်တောင်တောင် မလုပ်ကြနဲ့။’ ဒါ တော်တော်ပြည့်စုံတဲ့ ကြေညာချက်ပဲလေ” ဟု ဒူတာတေးက အောက်တိုဘာ ၁၄ ရက်တွင် တန်ပြန်ပြောကြားခဲ့သည်။ ၎င်းအား ဝေဖန်နေသူများအား အရူးများဟု ခိုင်းနှိုင်းလျက် ဒူတာတေးက ရာဇဝတ်သားများအား သတ်ဖြတ်ရန် ခြိမ်းခြောက်မှုသည် ပြည်တွင်းဥပဒေ တစ်ခုကိုမျှ မချိုးဖောက်ခဲ့ကြောင်း ကာကွယ်ပြောကြားခဲ့ပြီး တရားမဝင် မူးယစ်ဆေး ကုန်သည်တစ်ဦးမျှ မရှိသည့်အထိ ရာဇဝတ်မှု နှိမ်နင်းရေး စစ်ပွဲကို ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
အသက် ၇၁ နှစ်ရှိ ဒူတာတေး သမ္မတအဖြစ် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ရာဇဝတ်မှုနှိမ်နင်းရေး စစ်ပွဲအတွင်း ရဲတပ်ဖွဲ့က လူပေါင်း ၁၅၇၈ ဦးကို သတ်ပစ်ခဲ့ပြီး အခြားလူ ၂၁၅၁ ဦးသည် မရှင်းပြနိုင်သေးသော အခြေအနေများကြောင့် သေဆုံးခဲ့ရကြောင်း အောက်တိုဘာ ၁၄ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
Ref: AFP

Most Read

Most Recent