Note7 အကျပ်အတည်းကြောင့် ဆမ်ဆောင်း၏ အမြတ်ဒေါ်လာ သုံးဘီလျံ ထပ်မံ ဆုံးရှုံးနိုင်

Note7 အကျပ်အတည်းကြောင့် ဆမ်ဆောင်း၏ အမြတ်ဒေါ်လာ သုံးဘီလျံ ထပ်မံ ဆုံးရှုံးနိုင်
Published 14 October 2016

တောင်ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီး ဆမ်ဆောင်းက Note7 စမတ်ဖုန်းများ ပေါက်ကွဲမှု အကျပ်အတည်းကြောင့် လာမည့်ခြောက်လအတွင်း အမြတ်ဒေါ်လာ သုံးဘီလျံ ထပ်မံ ဆုံးရှုံးနစ်နာမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်က ပြောကြားခဲ့သည်။ တတိယ သုံးလပတ်အတွက် အမြတ်ကို ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ လျှော့ချကြောင်း ဆမ်ဆောင်းက ကြေညာခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ယခု အမြတ် ဆုံးရှုံးမှု သတိပေးချက် ထွက်လာခဲ့ခြင်ဖြစ်သည်။
ဘက်ထရီ မီးလောင်မှု ပြဿနာကြောင့် Note7 ဖုန်းများကို စက်တင်ဘာ အစောပိုင်းက ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ဆမ်ဆောင်းက ယင်းဖုန်းများအား ထုတ်လုပ်မှု ရပ်တန့်ကြောင်း ယခုတစ်ပတ် အစောပိုင်းတွင် ကြေညာခဲ့သည်။ Note7 ဖုန်းများကို ထုတ်လုပ်မှု ရပ်တန့်ရန် ဆုံးဖြတ်ချက်ကြောင့် အောက်တိုဘာမှ မတ်လအတွင်း ကုမ္ပဏီ၏ အမြတ်ကို ဆက်လက်သက်ရောက်မည်ဟု ဆမ်ဆောင်းက ပြောကြားခဲ့သည်။ ဆမ်ဆောင်းသည် အမှတ်တံဆိပ် ဂုဏ်သတင်း အတွက်လည်း တွက်ချက်ရခက်ခဲသည့် နစ်နာမှု ရှိခဲ့ကြောင်း စမတ်ဖုန်းလုပ်ငန်း လေ့လာ သုံးသပ်သူများက ပြောကြားခဲ့သည်။
ဆမ်ဆောင်းသည် ဘဏ္ဍာရေးဆုံးရှုံးမှု ဒေါ်လာ ၁၀ ဘီလျံမှ ၂၀ ဘီလျံအထိ ရှိနိုင်သည်ဟု လေ့လာသုံးသပ်သူ အများအပြားက ခန့်မှန်းထားသည်။
ဆမ်ဆောင်းသည် ပြိုင်ဘက် Apple ၏ iPhone ကို ယှဉ်ပြိုင်နိုင်မည်ဟု မျှော်လင့်ချက်ဖြင့် Note7 ဖုန်းများကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း Note7 ဖုန်း၏ ဘက်ထရီ မီးလောင်မှု ပြဿနာက ဆမ်ဆောင်းအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်ခဲ့သည်။
ဆမ်ဆောင်းသည် Note7 ဖုန်းများကို ထုတ်လုပ်မှု ရပ်တန့်ခဲ့သော်လည်း Galaxy S7 နှင့် S7 Edge ကဲ့သို့သော အောင်မြင်သည့် စမတ်ဖုန်းများက မိုဘိုင်းစီးပွားရေး လုပ်ငန်းကို သက်ရောက်မှုအား ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ဆမ်ဆောင်းက ပြောကြားခဲ့သည်။ ဆမ်ဆောင်းသည် အရည်အသွေး ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် ထင်ရှားသည့် အပြောင်းအလဲများ ဆောင်ရွက်ပြီး စားသုံးသူများအတွက် အန္တရာယ်ကင်းသော ထုတ်ကုန်များကို အာရုံစိုက် ထုတ်လုပ်မည်ဟု ဆမ်ဆောင်း၏ ကြေညာချက်က ဖော်ပြခဲ့သည်။
Ref: AFP

Most Read

Most Recent