ပြင်သစ်သမ္မတ အကြိုရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲတွင် ဆာကိုဇီ ခုခံကာကွယ်ရသည့် အနေအထားသို့ ရောက်ရှိ

ပြင်သစ်သမ္မတ အကြိုရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲတွင် ဆာကိုဇီ ခုခံကာကွယ်ရသည့် အနေအထားသို့ ရောက်ရှိ
Published 14 October 2016

အောက်တိုဘာ ၁၃ ရက်က ပြုလုပ်သော ပြင်သစ်သမ္မတ အကြိုရွေးကောက်ပွဲအတွက် သမ္မတဖြစ်လာမည်ဟု ရေပန်းစားနေသော အာလိန်းယူပေး အပါအဝင် လက်ယာဝါဒီပြိုင်ဘက်များနှင့် ပထမဆုံး စကားစစ်ထိုးပွဲတွင် နီကိုလက်ဆာကိုဇီသည် သူ၏ တရားဥပဒေဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ ခုခံကာကွယ်ရသည့် အနေအထားသို့ တွန်းပို့ခံခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာ သမ္မတ အကြိုရွေးကောက်ပွဲ၌ အဆုံးအဖြတ်ပေးမည့် လက်ယာဝါဒီ သမ္မတလောင်း ပြိုင်ပွဲ၌ သမ္မတဟောင်း ဆာကိုဇီသည် ဝန်ကြီးချုပ်ဟောင်း ယူပေး (၇၁ နှစ်) နောက်မှ ကပ်လျက် ရေပန်းစားနေပြီး လက်ယာဝါဒီ သမ္မတလောင်း ပြိုင်ပွဲ၌ အနိုင်ရရှိသူသည် ပြင်သစ်သမ္မတ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် မဲဆန္ဒရှင်များ၏ စိတ်ထဲတွင် ဂျီဟတ်တို့၏ ခြိမ်းခြောက်မှုက ထိပ်ဆုံးမှ နေရာယူထားပြီး အကြိုရွေးကောက်ပွဲ မဲဆွယ်မှု၌ လူကြိုက်များရေး ဝါဒက ရေပန်းစားလိမ့်မည်ဟု ခန့်မှန်းထားချိန်၌ ဆာကိုဇီသည် လက်ယာစွန်းပါတီဖြစ်သော အမျိုးသားတပ်ဦး (FN) ကို မဲပေးမည့်သူများအား သိမ်းသွင်းလျက် ရှိသည်ဟု စွပ်စွဲခံထားရသည်။
အမေရိကန်သမ္မတ နေရာအတွက် ပြိုင်ဘက်များဖြစ်သော ဟီလာရီကလင်တန်နှင့် ဒေါ်နယ်ထရန့်တို့အကြား အပြန်အလှန် အပုပ်ချ တိုက်ခိုက်နေမှုများနှင့် နှိုင်းယှဉ်ပါက ပြင်သစ်လက်ယာဝါဒီ သမ္မတလောင်းများ အကြား ပထမဆုံး ရုပ်သံစကား စစ်ထိုးပွဲ လေသံများသည် လေးစားစရာ ဖြစ်ခဲ့သည်။
သို့သော် ဆာကိုဇီ (၆၁ နှစ်) သည် ၂၀၁၂ ခုနှစ်၌ သမ္မတအဖြစ် ပြန်လည်ရွေးချယ် ခံရန် ရှုံးနိမ့်ခဲ့ပြီး ကတည်းက သူပါဝင် ပတ်သက်ခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ အမျိုးမျိုး စုံစမ်းစစ်ဆေး ခံနေရမှုများအတွက် စကားစစ်ထိုးပွဲတွင် ခုခံ ကာကွယ်နေရသည့် အဖြစ်သို့ ရောက်ရှိခဲ့သည်။
“နိုင်ငံရေးလောကမှာ ၃၇ နှစ် ကျင်လည်ခဲ့ပြီးတဲ့နောက် ကျွန်တော်ရဲ့ ပြစ်မှုဆိုင်ရာ မှတ်တမ်းက သန့်ရှင်းပါတယ်” ဟု ဒေါသဖြစ်လျက် ရှိမှန်း သိသာနေသော ဆာကိုဇီက ပြောကြားခဲ့သည်။
“ကျွန်တော် လိပ်ပြာမလုံဘူး ဆိုရင် ဒီမဲဆွယ်ပွဲမှာ ကျွန်တော် ဝင်ပါမယ်လို့များ ခင်ဗျားတို့ ထင်သလား” ဟုလည်း ဆာကိုဇီက ပြောကြားခဲ့သည်။ အမှုအမျိုးမျိုးအနက် ၂၀၁၂ ခုနှစ်က မအောင်မြင်သော မဲဆွယ်မှုနှင့် ပတ်သက်၍ တရားမဝင် ရန်ပုံငွေ စုဆောင်းခဲ့သည်ဟု သင်္ကာမကင်း ဖြစ်ခံရမှုနှင့် ကိုယ်ကျိုးအတွက် မလျော်သြဇာ သုံးစွဲမှုတို့နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ခံရစဉ်အတွင်း စုံစမ်းစစ်ဆေးသူများက သူ၏နောက်သို့ တကောက်ကောက် လိုက်ခဲ့ကြောင်းနှင့် မဟုတ်မမှန် လုပ်ကြံပြောဆိုကာ နာမည်ဖျက်ခြင်း ခံရကြောင်း ဆာကိုဇီက ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၃ ရက် စကားစစ်ထိုးပွဲသည် နိုဝင်ဘာ ၂၀ မှ ၂၇ ရက်အထိ ပြုလုပ်မည့် သမ္မတအကြို ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများအကြား စကားစစ်ထိုးပွဲ သုံးခုအနက် ပထမဆုံးတစ်ခု ဖြစ်သည်။ ယင်းရွေးကောက်ပွဲ၌ အနိုင်ရရှိသူသည် FN ခေါင်းဆောင် မာရင်းလီပင်းနှင့် မေလဒုတိယအကျော့ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရဖွယ် ရှိသည်။
Ref: AFP

Most Read

Most Recent