ယီမင်ရှိ ဟူသီ သူပုန်များကို အမေရိကန်က ပထမဆုံးအကြိမ် လေကြောင်းမှ တိုက်ခိုက်

ယီမင်ရှိ ဟူသီ သူပုန်များကို အမေရိကန်က ပထမဆုံးအကြိမ် လေကြောင်းမှ တိုက်ခိုက်
Published 13 October 2016

ယီမင်ရှိ ရှီအိုက်ဟူသီ သူပုန်များ ထိန်းချုပ်ထားသော ရေဒါစခန်း သုံးခုကို အမေရိကန်က အောက်တိုဘာ ၁၃ ရက်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်တွင်  အမေရိကန် စစ်သင်္ဘောများကို ဒုံးကျည်များဖြင့် ပစ်ခတ်မှုများ ကြုံခဲ့ရပြီးနောက် အမေရိကန်က ဟူသီသူပုန်အဖွဲ့ကို ပထမဆုံးအကြိမ် တိုက်ရိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယီမင်၏ ပင်လယ်နီကမ်းရိုးတန်းရှိ ဟူသီသူပုန်များ ထိန်းချုပ်ထားသော နယ်မြေကို အမေရိကန် ဖျက်သင်္ဘော USS Nitze က ဒေသစံတော်ချိန် နံနက် ၄ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၁း၀၀ နာရီ) တွင် Tomahawk ခရုဇ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ခွင့်ပြုချက်ပေးခဲ့သည်။ ကနဦး အကဲဖြတ်မှုများအရ ယင်းရေဒါစခန်းများသည် ပျက်စီးခဲ့ကြောင်း ပင်တဂွန် ပြန်ကြားရေးအတွင်း ဝန်ပီတာကွတ်က ထုတ်ပြန်ခဲ့သည်။ ပင်လယ်နီနှင့် ဘက်အယ်-မန်ဒက်ရှိ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် လှုပ်ရှားနေသော အမေရိကန် ဖျက်သင်္ဘော USS Mason နှင့် အခြားရေယာဉ်များကို ပြီးခဲ့သောရက်များအတွင်း ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည့် ရေဒါစခန်းသုံးခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အမေရိကန် တပ်ဖွဲ့ဝင်များ၊ သင်္ဘောများနှင့် ယင်းကဲ့သို့ အရေးပါသော ရေကြောင်းသွားလာမှု လမ်းကြောင်းတွင် လွတ်လပ်စွာ သွားလာခွင့်တို့ကို ကာကွယ်ရန်အတွက် ယခုကဲ့သို့ အကန့်အသတ်ရှိသော ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။
USS Mason သည် အောက်တိုဘာ ၁၂ ရက်တွင်လည်း ပစ်မှတ်ထားခံခဲ့ရပြီး ဟူသီ သူပုန် ထိန်းချုပ်နယ်မြေမှ ပစ်ခတ်လိုက်သော ဒုံးကျည်သည် ပစ်မှတ်သို့ မရောက်မီ ရေပြင်ထဲသို့ ကျရောက်ခဲ့ကြောင်း သိရသည်။ USS Mason နှင့် ကုန်းရေနှစ်သွယ်သွားနိုင်သော စခန်းတစ်ခုအဖြစ် အသုံးပြုနိုင်သည့် သင်္ဘော USS Ponce တို့သည် အောက်တိုဘာ ၉ ရက်ကလည်း ဒုံးကျည်များဖြင့် ပစ်မှတ်ထားခံခဲ့ရသော်လည်း ထိမှန်ခဲ့ခြင်း မရှိပေ။
ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များနှင့် ၎င်းတို့၏ မဟာမိတ်များအား တိုက်ခိုက်နေသည့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းကို အမေရိကန်က ထောက်လှမ်းရေး အချက်အလက်များ ထောက်ပံ့ခြင်း၊ လေယာဉ်လောင်စာဆီ ဖြည့်ပေးခြင်း၊ အဆင့်မြင့် ခဲယမ်းမီးကျောက်များ ကူညီခြင်းနှင့် ထောက်ပံ့ပို့ဆောင်စနစ်တို့အတွက် ကူညီခြင်း ပြုလုပ်ခဲ့သည်။ သို့သော် ဆော်ဒီညွန့်ပေါင်း၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားများ သေကျေဒဏ်ရာရမှုများအတွက် ဝေဖန်မှုများ မြင့်တက်လာချိန်တွင် အမေရိကန် လေတပ်သည် ယီမင်တွင် လေကြောင်းတိုက်ခိုက်မှုများ၌ တိုက်ရိုက်ပါဝင်ခဲ့ခြင်း မရှိပေ။
ယီမင်တွင် အောက်တိုဘာ ၈ ရက်၌ ပြုလုပ်နေသော နာရေးတစ်ခုကို ဆော်ဒီညွန့်ပေါင်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ပြီးနောက် ဆော်ဒီညွန့်ပေါင်းနှင့် ပူးပေါင်းမှုကို ချက်ချင်းပြန်လည် သုံးသပ်မည်ဟု အမေရိကန်က ကြေညာခဲ့သည်။
Ref: AFP

Most Read

Most Recent