အမျိုးသမီးများက ထရန့်သည် ၎င်းတို့အား မဖွယ်မရာ ကိုင်ခဲ့ပြီး အကြမ်းပတမ်း နမ်းခဲ့သည်ဟု စွပ်စွဲ

အမျိုးသမီးများက ထရန့်သည် ၎င်းတို့အား မဖွယ်မရာ ကိုင်ခဲ့ပြီး အကြမ်းပတမ်း နမ်းခဲ့သည်ဟု စွပ်စွဲ
Published 13 October 2016

ဒေါ်နယ်ထရန့်သည် အမျိုးသမီးများအား မဖွယ်မရာကိုင်ခဲ့ပြီး အကြမ်းပတမ်း နမ်းခဲ့သည်ဟု အသစ်ထွက်ပေါ်လာသော စွပ်စွဲချက်များက အောက်တိုဘာ ၁၂ ရက်တွင် သမ္မတနေရာအတွက် ပြိုင်ပွဲကို လှုပ်ခတ်စေခဲ့သည်။ သို့သော် ရီပက်ဘလီကင် သမ္မတလောင်း ထရန့်က ယင်းသတင်းများကို ဒေါသတကြီး ငြင်းဆိုခဲ့ပြီး သူ၏ မဲဆွယ်ရေးအဖွဲ့ကလည်း ယင်းတို့ကို ပုဂ္ဂိုလ်ရေး အပုပ်ချမှုဟု တံဆိပ်ကပ်ခဲ့သည်။
အောက်တိုဘာ ၉ ရက်က ပြုလုပ်သော ဟီလာရီကလင်တန်နှင့် စကားစစ်ထိုးပွဲတွင် ထရန့်က သူသည် အမျိုးသမီးများအား မည်သည့်အခါကမျှ မစော်ကားဖူးကြောင်း ပြောကြားခဲ့ပြီးနောက် နယူးယောက်တိုင်းမ်၊ ပမ်ဘိချ်ပို့စ်နှင့် ယာဟူးသတင်းများက အမျိုးသမီးေ လးဦး၏ အခိုင်အမာ ပြောကြားချက်များကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၇ ရက်တွင် ၂၀၀၅ ခုနှစ် က ဗီဒီယိုဖိုင်တစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက် ထရန့်အနေဖြင့် သူ၏ မဲဆွယ်မှုများကို လမ်းကြောင်း ပြန်လည်တည့်မတ်နိုင်ရန် ကြိုးပမ်းနေရချိန်၌ ယခုကဲ့သို့ ထပ်မံ ငြင်းဆိုရမည့် ကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဗီဒီယိုဖိုင်တွင် အသက် ၇၀ အရွယ်ရှိ အိမ်ခြံမြေ သူဌေးကြီးသည် သူ၏ ကျော်ကြားမှုအကြောင်း ကြွားဝါပြောဆိုရာ၌ သူ့အနေဖြင့် အပြစ်ပေး အရေးယူမှု မခံရဘဲ အမျိုးသမီးများအား မဖွယ်မရာ ကိုင်နိုင်သည်ဟု ပြောကြားခဲ့မှု ပါရှိသည်။
“ခင်ဗျား ကျော်ကြားသူတစ်ယောက် ဖြစ်တဲ့အခါ သူတို့ ခင်ဗျားကို ခွင့်ပြုမှာပဲ။ ခင်ဗျား ဘာမဆို လုပ်နိုင်တယ်။ ခင်ဗျား သူတို့ကို ခွကြားနေရာတောင် ဖမ်းညှစ်လိုက်လို့ ရတယ်” ဟု  ထရန့်က ပြောကြားခဲ့ဖူးသည်။
ထရန့်က လှပသော အမျိုးသမီးများနှင့် တွေ့သည့်အခါ “ကျွန်တော် သူတို့ကို နမ်းလိုက်ရုံကလေးနဲ့ အစပြုလိုက်တာပါ” ဟုလည်း ပြောကြားခဲ့သည်။
ထရန့်က ယင်းတို့ကို အရေးမပါသည့် အသေးအဖွဲ ဆွေးနွေးခန်းကလေးအဖြစ် သဘောထားကာ ယင်းမှတ်ချက်စကားများအတွက် ပြန်လည်တောင်းပန်ခဲ့သည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ကျင်းပရန် ၂၇ ရက်သာ လိုတော့ချိန်၌ ကလင်တန်သည် တစ်နိုင်ငံလုံးဆိုင်ရာ စစ်တမ်းများ၌ အသာရနေပြီး ထရန့်အနေဖြင့် သူ့အပေါ် ထိုးနှက်တိုက်ခိုက်မှုများအား ခုခံဖြေရှင်းနေရသည်။
ယခုအခါ လိင်ဆိုင်ရာ မဖွယ်မရာ ပြုမှုများနှင့် ပတ်သက်သည့် စွပ်စွဲချက်များကြောင့် ထရန့်၏ အမျိုးသမီးများနှင့် ပတ်သက်သော အမူအကျင့်များအား ထပ်မံ အာရုံစိုက်လာကြပြန်သည်။
စက္ကူကုမ္ပဏီ တစ်ခုအတွက် အလုပ်လုပ်ခဲ့သော လုပ်ငန်းရှင်ဟောင်း အမျိုးသမီး ဂျက်ဆီကာလိဒ် (၇၄ နှစ်) က ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းအတွင်း လေယာဉ်တစ်စင်း၏ ပထမတန်း၌ သူနှင့် ထရန့်တို့ ထိုင်ခုံချင်း ဘေးချင်းယှဉ်လျက်ကျစဉ် ထရန့်က သူ့ကို မဖွယ်မရာ ကိုင်ခဲ့သည်ဟု Times သတင်းစာသို့ ပြောကြားခဲ့သည်။
လေယာဉ်ပျံတက်ပြီး ၄၅ မိနစ်အကြာတွင် ထရန့်သည် လက်တန်းကို မ,တင်ကာ သူ၏ ရင်သားများအား စတင်ဖမ်းကိုင်ကာ လက်ကလည်း သူ၏ စကပ်ကို လှန်ရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။
“သူက ရေဘဝဲ တစ်ကောင်လိုပဲ။ သူ့လက်တွေက နေရာအနှံ့သွားတယ်။ ဒါက ကိုယ်ထိလက်ရောက် စော်ကားမှုပါ” ဟု လိဒ်က ပြောကြားခဲ့သည်။
ရေချယ်ခရွတ်ဆိုသူ အမျိုးသမီးကလည်း ၂၀၀၅ ခုနှစ် သူ့အသက် ၂၂ အရွယ်တွင် ထရန့်တာဝါရှိ အိမ်ခြံမြေ ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု၌ ဧည့်ကြိုအဖြစ် အလုပ်လုပ်စဉ် နံနက်ခင်းတစ်ခု၌ ယင်းအဆောက်အအုံရှိ ဓာတ်လှေကား အပြင်ဘက်၌ ထရန့်နှင့် ရင်ဆိုင်တိုးခဲ့ပုံကို ပြောကြားခဲ့သည်။
သူက ထရန့်အား မိတ်ဆက်ပြီး လက်ဆွဲနှုတ်ဆက်ခဲ့ကြောင်း၊ သို့သော် ထရန့်က သူ့ကို ပေးမသွားသေးဘဲ သူ၏ ပါးများကို နမ်းကြောင်းနှင့် ယင်းနောက် နှုတ်ခမ်းများအား တိုက်ရိုက်နမ်းခဲ့ကြောင်း Times သတင်းစာသို့ ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၂ ရက်ကလည်း ပမ်ဘိချ်ပို့စ် သတင်းဌာနက သူ၏ ဝက်ဘ်ဆိုက်တွင် ယခုအခါ အသက် ၃၆ နှစ် ရှိပြီဖြစ်သော မင်ဒီမက်ဂယ်လီဗရေးဟူသည့် အမျိုးသမီးက ထရန့်သည် ၂၀၀၃ ခုနှစ် အစောပိုင်းက ဖလော်ရီဒါရှိ ထရန့်ပိုင် မာအေလာဂို စားသောက်ဆိုင်တွင် သူ့အား မဖွယ်မရာ ကိုင်ခဲ့သည်ဟု ပြောကြားကြောင်း ဖော်ပြခဲ့သည်။
မက်ဂယ်လီဗရေးက သူသည် ဓာတ်ပုံဆရာ တစ်ဦး၏ လက်ထောက်အဖြစ် အခမ်းအနား တစ်ခု၌ ကူညီနေစဉ် အဖြစ်အပျက်ကို ပြောပြခဲ့သည်။ သူက “ကျွန်မ တင်ပါးရဲ့ အလယ်တည့်တည့်ကို ရောက်တော့မယ်။ ကျွန်မ လန့်သွားပြီး ခုန်လိုက်မိတယ်” ဟု ဆိုသည်။
၂၀၁၃ ခုနှစ်တွင် ဝါရှင်တန် အလှမယ် ဖြစ်ခဲ့သော ကက်ဆင်ဒရာဆီအာလက်စ်က ထရန့်အပေါ် ပိုမိုဆိုးရွားသော စွပ်စွဲမှုကို ပြုလုပ်ခဲ့သည်။ ယာဟူးသတင်းဌာန၏ ဖော်ပြချက်အရ ဆီအာလက်စ်က Facebook ပို့စ်တစ်ခုတွင် ထရန့်အား မိန်းမမုန်းတီးရေးသမားဟု ခေါ်ဆိုခဲ့ပြီး ကွန်မန့်တစ်ခုတွင် ထရန့်သည် သူ၏ တင်ပါးအား အဆက်မပြတ် ညှစ်ကာ ဟိုတယ်ခန်းအတွင်းသို့ ဖိတ်ခေါ်ခဲ့ကြောင်း ရေးသားထားသည်ဟု ဆိုခဲ့သည်။
Ref: AFP

Most Read

Most Recent