သဘာ၀ ဘေးအန္တရာယ်များကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ စာရင်းတွင် ဟေတီက ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံက တတိယနေရာ၌ ရပ်တည်ခဲ့

သဘာ၀ ဘေးအန္တရာယ်များကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ စာရင်းတွင် ဟေတီက ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံက တတိယနေရာ၌ ရပ်တည်ခဲ့
Published 13 October 2016

၂၀၁၀ ပြည့်နှစ်က ငလျင်ဒဏ်ကိုလည်း ခံခဲ့ရပြီး မကြာသေးမီက ဟာရီကိန်းဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့သော ဟေတီသည် ပြီးခဲ့သည့် နှစ် ၂၀ အတွင်း သဘာ၀ ဘေးအန္တရာယ်ကြောင့် လူသေအများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သော ဟေတီသည် ဟာရီကိန်းမက်သရူးကြောင့် မကြာသေးမီက လူ ၄၇၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် လူ ၂၃၀၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် လျော့ကျရေး UNISDR ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။
UNISDR သည် ပြီးခဲ့သည့် နှစ် ၂၀ အတွင်း သဘာဝဘေးအန္တရာယ် ၇၀၀၀ ကျော်မှ အချက်အလက်များကို လေ့လာသုံးသပ်ခဲ့ပြီး ယင်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဟေတီပြီးလျှင် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူအများ နိုင်ငံမှာ အင်ဒိုနီးရှားဖြစ်ပြီး သဘာဝဘေးအန္တရာယ်များကြောင့် လူ ၁၈၂၀၀၀ ကျော် သေဆုံးခဲ့သည်။ မြန်မာနိုင်ငံက လူ ၁၃၉၅၀၀ ဖြင့် တတိယလူသေအများဆုံး နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ အေဂျင်စီ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။
ဝင်ငွေမြင့်မားသော နိုင်ငံများတွင် သဘာ၀ ဘေးအန္တရာယ်များကြောင့် စီးပွားရေး ဆုံးရှုံးမှု ကြီးမားပြီး ဆင်းရဲသော နိုင်ငံများတွင် လူ့အသက်က ဆုံးရှုံးမှု ပိုများကြောင်း အစီရင်ခံစာ တွေ့ရှိချက်များက မညီမျှမှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။
ဟာရီကိန်းမက်သရူးကြောင့် အမေရိကန်တွင် ဒေါ်လာ ၁၀ ဘီလျံ ဆုံးရှုံးနစ်နာခဲ့ကြောင်း၊ ယင်းတို့အနက် ထက်ဝက်ခန့်သည် အာမခံထားသည့် ပစ္စည်းများ ဆုံးရှုံးမှုဖြစ်ကြောင်း Goldman Sachs က အောက်တိုဘာ ၁၂ ရက်တွင် ခန့်မှန်းခဲ့သည်။
၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သဘာ၀ ဘေးအန္တရာယ်များကြောင့် သေဆုံးသူ ၁ ဒသမ ၃၅ သန်းအနက် ရာခိုင်နှုန်း ၉၀ သည် ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ် နိုင်ငံများမှဖြစ်ကြောင်း၊ စုစုပေါင်း သေဆုံးသူများ၏ ခြောက်ပုံတစ်ပုံခန့်သည် ဟေတီမှဖြစ်ကြောင်း အစီရင်ခံစာက လေ့လာတွေ့ရှိခဲ့သည်။ လူမှုစီးပွားရေး အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုတို့သည် ဆက်နွှယ်နေကြောင်း UNISDR ၏ တာဝန်ခံ ရောဘတ်ဂလက်ဆာက ပြောကြားခဲ့သည်။
ဟေတီသည် ၂၀၁၀ ပြည့်နှစ်က ဧရာမ ငလျင်ကြောင့် လူ ၂၂၃၀၀၀ သေဆုံးခဲ့ပြီး ဟေတီငလျင်နှင့် ပြင်းအားတူသော ငလျင်ကို ခံစားခဲ့ရသည့် ချီလီသည် သေဆုံးသူ ပို၍ နည်းပါးပြီး နယူးဇီလန်တွင် သေဆုံးသူ မရှိခဲ့ကြောင်း ဂလက်ဆာက ပြောကြားခဲ့သည်။ ဆင်းရဲမွဲတေမှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးမှုသည် ဆက်နွှယ်မှုရှိကြောင်း ဟေတီက ဥပမာဖြစ်သည်ဟု ဂလက်ဆာက ပြောကြားခဲ့သည်။ ပိုမိုကောင်းမွန်သော ကြိုတင်ကာကွယ်မှုများဖြင့် သဘာဝဘေး အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများကို ရှောင်ရှားနိုင်သော်လည်း ကြီးကြီးမားမား ထပ်မံဆုံးရှုံးမှုများကို ဟေတီက ကြုံတွေ့ခဲ့ရခြင်းသည် ဆိုးရွားပြီး လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ငလျင်နှင့် ဆူနာမီတို့ကြောင့် ပြီးခဲ့သည့် နှစ် ၂၀ အတွင်း လူ ၇၄၈၆၂၁ ဦးသေဆုံးခဲ့ပြီး လူအမြောက်အမြား သေဆုံးစေခဲ့သော သဘာ၀ ဘေးအန္တရာယ်များဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ သို့သော်လည်း ရာသီဥတုနှင့် ဆက်နွှယ်သော ရေကြီးမှု၊ မြေပြိုမှု၊ အပူလှိုင်းနှင့် မုန်တိုင်းတို့သည်လည်း ပြီးခဲ့သည့် နှစ် ၂၀ အတွင်း နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း ဂလက်ဆာက ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent