အကျပ်အတည်းနှင့် ကြုံနေရသည့် ဒေါ်နယ်ထရန့်က ၎င်းအား မထောက်ခံသည့် ရီပက်ဘလီကင်တို့ကို ဝေဖန်တိုက်ခိုက်

အကျပ်အတည်းနှင့် ကြုံနေရသည့် ဒေါ်နယ်ထရန့်က ၎င်းအား မထောက်ခံသည့် ရီပက်ဘလီကင်တို့ကို ဝေဖန်တိုက်ခိုက်
Published 12 October 2016

အကျဉ်းအကျပ်ထဲ ရောက်နေသော သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်က အောက်တိုဘာ ၁၂ ရက်တွင် ရီပက်ဘလီကင်တို့ကို သစ္စာမရှိဟု ဝေဖန်ရှုတ်ချခဲ့ပြီး သက်တမ်း ၁၆၂ နှစ်ရှိ ပါတီကြီး အနာဂတ်ကို ခြိမ်းခြောက်နေသည့် အကွဲအပြဲအား ပိုမိုနက်ရှိုင်းစေခဲ့သည်။
ထရန့်က ၎င်းအားထောက်ခံမှု လုံး၀ မပေးခဲ့သော ရီပက်ဘလီကန် ခေါင်းဆောင်များကို ဝေဖန်ခဲ့ပြီး ပြိုင်ဘက် ဟီလာရီကလင်တန်အား ပြင်းပြင်းထန်ထန် ဆက်လက်ရင်ဆိုင် သွားမည်ဟု ကတိပြုခဲ့သည်။
ထရန့်က “သစ္စာမရှိတဲ့ ရီပက်ဘလီကင်တွေက လူလိမ်ဟီလာရီထက် ရင်ဆိုင်ရတာ ပိုခက်ခဲပါတယ်။ သူတို့က ဘက်ပေါင်းစုံကနေ ခင်ဗျားကို တိုက်ခိုက်ပါတယ်။ သူတို့က ဘယ်လိုနိုင်အောင် လုပ်ရမလဲဆိုတာ မသိပါဘူး။ ကျွန်တော်သူတို့ကို သင်ပေးပါမယ်” ဟု Twitter တွင် ရေးသားခဲ့သည်။
ထိပ်တန်းရီပက်ဘလီကင် တစ်ဦးဖြစ်သော အောက်လွှတ်တော်ဥက္ကဋ္ဌ ပေါရိုင်ယန်သည် အားနည်းပြီး ထိရောက်မှု မရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟု ထရန့်က ပြောကြားခဲ့ပြီး ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဂျွန်မက်ကိန်းကိုလည်း ရိုင်းစိုင်းစွာ ပြောတတ်သူဟု လှောင်ပြောင်ခဲ့သည်။
အောက်တိုဘာ ၁၁ ရက်ညက Fox News နှင့်တွေ့ဆုံခဲ့သော ဒေါ်နယ်ထရန့်သည် ပေါရိုင်ယန်နှင့် ပတ်သက်၍ “ကျွန်တော် သူ့ထောက်ခံမှုကို မလိုပါဘူး။ သူထောက်ခံတာကိုလည်း ကျွန်တော်က ဂရုမစိုက်ပါဘူး” ဟု ပြောကြားခဲ့သည်။
အမျိုးသမီးများအား ကိုယ်ထိလက်ရောက် စော်ကားမှုများနှင့် ပတ်သက်၍ ထရန့်၏ ဗီဒီယို ထွက်ပေါ်ခဲ့ပြီးနောက် ၎င်းအား ထောက်ခံမှု သိသိသာသာ ကျဆင်းသွားခဲ့သည်။ ရိုင်ယန်က မှတ်ချက်များနှင့် ပတ်သက်၍ ထရန့်အား ကာကွယ်ပေးမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၀ ရက်က ပြောကြားခဲ့သည်။
အမျိုးသမီးများနှင့် ပတ်သက်၍ ထရန့်၏ မှတ်ချက်များကို သမ္မတ ဘာရက်အိုဘားမားကလည်း ဝေဖန်ခဲ့ပြီး 7-Eleven စတိုးဆိုင်တွင် အလုပ်လျှောက်ထားသူ တစ်ယောက်အတွက်ပင် သည်းခံ၍ မရနိုင်သော မှတ်ချက်များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Real Clear Politics က နောက်ဆုံး ကောက်ယူခဲ့သော စစ်တမ်းတွင် ကလင်တန်သည် ထရန့်အား အမေရိကန်တစ်ဝန်း၌ ခြောက်မှတ်အသာဖြင့် ဦးဆောင်နေကြောင်း ဖော်ပြခဲ့သည်။
ထရန့်နှင့် ရီပက်ဘလီကင် ခေါင်းဆောင်များအကြား ဆက်ဆံရေးမှာ တင်းမာနေခဲ့ပြီး ရီပက်ဘလီကင် အများစုက ထရန့်သည် အေဗရာဟန်လင်ကွန်းနှင့် ရော်နယ်ရေဂင်တို့ ထမ်းဆောင်ခဲ့ဖူးသော ရာထူးနေရာအတွက် မထိုက်တန်ဟု ယူဆကြသည်။
ထရန့်၏ ရန်လိုသော တုံ့ပြန်မှုများကြောင့် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တွင် ထိန်းချုပ်ထားနိုင်မှုအား ဆုံးရှုံးသွားမည်ကို ရီပက်ဘလီကင်တို့က စိုးရိမ်နေကြသည်။ ရီပက်ဘလီကင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် အမတ်များ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ ထက်ဝက်နီးပါးက အမျိုးသမီးများနှင့် ပတ်သက်၍ ထရန့်၏ မှတ်ချက်များကို ရှုတ်ချထားပြီး ၁၀ ရာခိုင်နှုန်းခန့်က ထရန့်အား ရွေးကောက်ပွဲမှ နုတ်ထွက်ရန် တောင်းဆိုထားကြောင်း ရိုက်တာသတင်း အေဂျင်စီက ဆိုသည်။
ထရန့်သည် အောက်တိုဘာ ၁၁ ရက်က ဖလော်ရီဒါတွင် ထောက်ခံသူများအား ပြောကြားရာတွင် ရွေးကောက်ပွဲနေ့ကို မှားယွင်းပြောကြားခဲ့သည် “မဲပေးဖို့ သွားမှတ်ပုံတင်ကြပါ။ ပြီးရင် နိုဝင်ဘာ ၂၈ ရက်မှာ မဲပေးဖြစ်အောင်ပေးပါ” ဟု ပြောကြားခဲ့ကြောင်း ABC News က ထုတ်လွှင့်သည့် ဗီဒီယိုတွင် ဖော်ပြခဲ့သည်။ အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။
Ref : AFP

Most Read

Most Recent