အာဖဂန်တွင် အက်ရှူရာ ပွဲတော်အတွက် စုဝေးနေကြသည့် ရှီအိုက်များအား ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရရာ လူ ၁၄ ဦး သေဆုံး

အာဖဂန်တွင် အက်ရှူရာ ပွဲတော်အတွက် စုဝေးနေကြသည့် ရှီအိုက်များအား ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရရာ လူ ၁၄ ဦး သေဆုံး
Published 12 October 2016

အာဖဂန်နစ္စတန်မြို့တော် ကဘူးတွင် အောက်တိုဘာ ၁၁ ရက် နှောင်းပိုင်းက အက်ရှူရာပွဲတော်အတွက် စုဝေးနေကြသော ရှီအိုက်ဝတ်ပြုသူများကို သေနတ်သမားများက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြရာ လူပေါင်း ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ထိုအက်ရှူရာပွဲတော်သည် ရှီအိုက်ပြက္ခဒိန်ထဲတွင် အရေးကြီးဆုံး ပွဲတော်တစ်ခုလည်းဖြစ်သည်။
တာလီဘန်တို့က အာဖဂန်စစ်တပ်အပေါ်  အဆက်မပြတ်ဖိအားများ ပေးနေချိန်တွင် ယခုတိုက်ခိုက်မှုက အာဖဂန်မြို့တော်တွင်းမှ လုံခြုံရေး ပျက်ပြားမှုကို ပြသနေခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၃၆ ဦးရှိပြီး တိုက်ခိုက်သူ တစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဆီဒစ်ဆီဒစ်ကီက ပြောကြားခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားရာ Karte Sakhi ဝတ်ပြုကျောင်းသည် ကဘူးတက္ကသိုလ် အနီးတွင်ရှိသည်။ သေဆုံးသူများအနက် ၁၃ ဦး မှာ အရပ်သားများဖြစ်ပြီး တစ်ဦးမှာ ရဲသားဖြစ်ကြောင်း သိရသည်။ “တိုက်ခိုက်သူတစ်စုဟာ Karte Sakhi ဝတ်ပြုကျောင်းထဲက လူတွေကို ပစ်မှတ်ထားခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဟာ ဝတ်ပြုကျောင်းထဲက ဒါဇင်နဲ့ချီရှိတဲ့ လူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်” ဟု ကဘူးရဲချုပ် အဗ္ဗဒူရာမန်ရာဟီမီက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း ပေါက်ကွဲမှုနှစ်ခုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ ဝန်ခံမည့်သူ မရှိသေးပေ။ သမ္မတ အက်ရှရစ်ဂါနီကမူ ယင်းဖြစ်စဉ်သည် လူသားချင်း စာနာထောက်ထားမှုကို ရှင်းရှင်းလင်းလင်း ဆန့်ကျင်သော ရာဇဝတ်မှု ဖြစ်သည်ဟု အပြစ်တင်ခဲ့ပြီး အက်ရှူရာပွဲ တော်အတွင်း အမြင့်ဆုံးလုံခြုံရေးကို ပံ့ပိုးပေးမည်ဟု ကတိပေးခဲ့သည်။ ထိုပွဲတော်သည် အောက်တိုဘာ ၁၂ ရက်၌ စတင်ခဲ့ခြင်း ဖြစ်သည်။
အက်ရှူရာပွဲတော်အတွင်း ရှီအိုက်များအား ပစ်မှတ်ထားတိုက်ခိုက်မည့် အန္တရာယ်ကို အထူးစိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံခြားသံရုံးများကလည်း ၎င်းတို့၏ ဝန်ထမ်းများကို ယခုသီတင်းပတ်အကုန်အထိ ကဘူးမြို့ထဲတွင် လှုပ်ရှားသွားလာမှုများ မပြုလုပ်ရန် ကန့်သတ်ထားသည်။
အက်ရှူရာပွဲတော်သည် တမန်တော်  မိုဟာမက်၏ မြေးဖြစ်သော အီမန်ဟူစိန် ကွယ်လွန်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။ သက္ကရာဇ် ၆၈၀ က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အီမန်ဟူစိန်ကို  ကမ္ဘာတစ်ဝန်းရှိ ရှီအိုက်တို့က ဖိနှိပ်ချုပ်ခြယ်မှုအား ဆန့်ကျင်သည့် သင်္ကေတအဖြစ် မှတ်ယူကြသည်။
ယခုတိုက်ခိုက်မှုမတိုင်မီ အာဖဂန် ရှီအိုက်လူနည်းစုများအပေါ် နောက်ဆုံးပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်မှာ ဇူလိုင် ၂၃ ရက်က ဖြစ်သည်။ မြို့တော်ကဘူးမှာပင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၈၄ ဦးရှိပြီး လူပေါင်း ၁၃၀ ကျော် ဒဏ်ရာရခဲ့ကာ IS အဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
Ref : AFP

Most Read

Most Recent