ဘန်ကောက်တွင် အောက်တိုဘာ ၂၅ မှ ၃၀ အတွင်း ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခံရမှုကြောင့် လုံခြုံရေးတင်းကျပ်

ဘန်ကောက်တွင် အောက်တိုဘာ ၂၅ မှ ၃၀ အတွင်း ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခံရမှုကြောင့် လုံခြုံရေးတင်းကျပ်
Published 11 October 2016

ဘန်ကောက်ကို ပစ်မှတ်ထား၍ ကားဗုံးခွဲမှု ဆောင်ရွက်မှု ရှိလာနိုင်သည်ဟု ရဲကသတိပေးခဲ့ပြီးနောက် မြို့တော်တွင် လုံခြုံရေး တင်းကျပ်ခဲ့ပြီး ထိုင်းစစ်အစိုးရခေါင်းဆောင် ပရာယွတ်ချန်အိုချာက တည်တည်ငြိမ်ငြိမ် နေထိုင်ကြရန် တောင်းဆိုခဲ့သည်။
မည်သည့်အဖွဲ့ဟု မသိရသည့် အဖွဲ့တစ်ဖွဲ့က အောက်တိုဘာ ၂၅ မှ ၃၀ အတွင်း ဘန်ကောက်ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု ဆောင်ရွက်ရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ သတင်းထောက်များအား ပေးခဲ့သော မှတ်တမ်း အသေးစိတ်တွင် ဈေးဝယ်စင်တာများ၊ ကားရပ်နားရန် နေရာများ၊ ခရီးသွား ဆွဲဆောင်သောနေရာ များကဲ့သို့ နေရာများသည် အန္တရာယ်ရှိနိုင်ကြောင်း ဖော်ပြထားပြီး ရဲများအနေဖြင့် အလွန်နိုးကြားစွာ ရှိနေရန် ညွှန်ကြားထားသည်။
ထိုင်းတွင် ယမန်နှစ်က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး နှေးကွေးနေသော ထိုင်းစီးပွားရေးအတွက် အားထားစရာဖြစ်သည့် ခရီးသွား လုပ်ငန်းကို ထိခိုက်စေခဲ့သည်။ ယင်းဗုံးခွဲမှုများအား အကြမ်းဖက် တိုက်ခိုက်မှုဟု သတ်မှတ်ရန် ထိုင်းအစိုးရက ငြင်းဆိုခဲ့ပြီး ကမ္ဘာလှည့် ခရီးသွားများအား ပစ်မှတ်ထားသည် ဆိုသော တင်ပြချက်များအား မှိန်ချထားခဲ့သည်။
“တာဝန်ရှိသူတွေ သူတို့အလုပ်သူတို့ လုပ်ပါစေ။ သူတို့အလုပ်ကို ယုံကြည်မှု ရှိ ရှိ ဆောင်ရွက်ကြပါစေ” ဟု ၂၀၁၄ ခုနှစ်၌ အာဏာသိမ်းယူခဲ့သော ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်။
ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုအတွက် စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ဆဲ ဖြစ်ကြောင်းနှင့် အထိတ်တလန့် မဖြစ်ကြရန် ချန်အိုချာက ပြောကြားခဲ့သည်။
ထိုင်းတွင် ပြည်တွင်းနိုင်ငံရေး မတည်မငြိမ် ဖြစ်နေသည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပြီဖြစ်ပြီး တောင်ပိုင်းမှ မလေးမွတ်စလင်တို့၏ ပုန်ကန်မှုမှာလည်း ကြီးထွားလာခဲ့သည်။ သို့သော် နိုင်ငံခြားသားများသည် မကြာသေးမီ အချိန်အထိ ယင်းအကြမ်းဖက်မှုများမှ လွတ်ကင်းနေခဲ့သည်။ ယင်းအခြေအနေသည် ပြောင်းလဲလာခဲ့ပြီး သြဂုတ်လ အစောပိုင်းက ထိုင်းတောင်ပိုင်းတွင် ကမ္ဘာလှည့် ခရီးသွားများ စည်ကားသည့် နေရာများ၌ ပေါက်ကွဲမှုများ အမြောက်အမြား ဖြစ်ခဲ့၍ ထိုင်းလေးဦး သေဆုံးခဲ့သည့်အပြင် နိုင်ငံခြား ခရီးသွားများ အပါအဝင် လူအမြောက်အမြား ဒဏ်ရာရရှိ ခဲ့ကြသည်။
ယခုနှစ် အစောပိုင်းကလည်း တရုတ်ခရီးသွားများအကြား ထင်ရှားသော ဘန်ကောက်ရှိ နတ်ကွန်းတွင် ဗုံးကွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ သည်။ အောက်တိုဘာ ၁၀ ရက်က ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုသည် မည်သည့်အဖွဲ့၏ လက်ချက်ဟု ဖော်ပြခြင်း မရှိခဲ့သော်လည်း တောင်ပိုင်းတွင် ယခင်တိုက်ခိုက်မှုများသည် မွတ်စလင်သူပုန်တို့က ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ အောက်တိုဘာ ၂၅ ရက်သည် တောင်ပိုင်းတွင် လူ ၈၀ ကျော် သေဆုံးခဲ့သော ၂၀၀၄ ခုနှစ်က တက်ဘိုင်ဗုံးခွဲမှု၏ နှစ်ပတ်လည်နေ့ ဖြစ်သည်။
Ref : AFP                                                  

Most Read

Most Recent