ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အိုင်စီစီသို့ လွဲှပြောင်းပေးရန်အတွက် ဆောင်ရွက်ရန် ဘန်ကီမွန် တိုက်တွန်း

ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အိုင်စီစီသို့ လွဲှပြောင်းပေးရန်အတွက် ဆောင်ရွက်ရန် ဘန်ကီမွန် တိုက်တွန်း
Published 11 October 2016

ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်မှုများအား စုံစမ်းစစ်ဆေးမှု စတင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (အိုင်စီစီ) ထံ တရားဝင် တောင်းဆိုရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က အောက်တိုဘာ ၁၀ ရက် လုံခြုံရေး ကောင်စီကို တိုက်တွန်းခဲ့သည်။ ယင်းကဲ့သို့ တောင်းဆိုမှုကို ဗီတိုအာဏာရှိသော ရုရှားနှင့် တရုတ်တို့က ၂၀၁၄ ခုနှစ်တွင် ပယ်ချခဲ့ဖူးသော်လည်း ဘန်ကီမွန်က ထပ်မံကြိုးစားကြရန် လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“လုံခြုံရေးကောင်စီ အနေနဲ့ ဒီကိစ္စကို အိုင်စီစီကိုတင်ဖို့ ကျွန်တော်က တောင်းဆိုပါတယ်။ တိုက်တွန်းပါတယ်။ သူတို့ကို ထပ်ပြီး တိုက်တွန်းပါတယ်” ဟု ဘန်ကီမွန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အလက်ပိုတွင် ဖြစ်ပေါ်နေသော အခြေအနေများသည် စိတ်နှလုံးကြေကွဲစရာ ကောင်းကြောင်း ၎င်းက ပြောကြားခဲ့ပြီး အောက်တိုဘာ ၈ ရက်က လုံခြုံရေးကောင်စီတွင် အလက်ပိုဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းနှစ်ခု မဲခွဲမှု၌ အရေးနိမ့်ခဲ့မှုအတွက် စိတ်ပျက်မိကြောင်း ဘန်ကီမွန်က ဆိုခဲ့သည်။
အလက်ပိုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ရပ်ဆိုင်းရန်နှင့် ယင်းမြို့ပေါ်မှ စစ်လေယာဉ်များ ပျံသန်းမှုများ ရပ်ဆိုင်းရန် တောင်းဆိုထားသော ပြင်သစ်အဆိုပြုသည့် ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုအာ ဏာသုံး၍ ပယ်ချခဲ့သည်။ အလက်ပိုတွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန်အတွက်သာ တိုက်တွန်းခဲ့သော ရုရှား၏ ဆုံးဖြတ်ချက် မူကြမ်းသည်လည်း လုံခြုံရေး ကောင်စီ၌ မဲခွဲခဲ့ရာ ရှုံးနိမ့်ခဲ့သည်။
“အချေအတင် ဆွေးနွေးဖို့နဲ့ သဘောကွဲလွဲဖို့ အချိန်တွေ မရှိတော့ဘူး” ဟု ဘန်ကီမွန်က ပြောကြားခဲ့ပြီး လူ့အသက်များအား ကယ်တင်ရန်အတွက် လုံခြုံရေးကောင်စီက လုပ်ဆောင်သင့်ကြောင်းနှင့် ရှင်းလင်းသော သက်သေ အထောက်အထားများ ရှိနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ လစ်ဗျားနှင့် ဆူဒန်ရှိ ပဋိပက္ခဇုန် ဒါဖာဒေသတို့တွင် လုပ်ဆောင်ခဲ့ဖူး သကဲ့သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအတွက် သည်ဟိဂ်အခြေစိုက် အိုင်စီစီထံ တောင်းဆိုနိုင်သည့် အခွင့်အာဏာ ရှိကြောင်း သိရသည်။
ဆီးရီးယားတွင် စစ်ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် ပြင်သစ်က ၂၀၁၄ ခုနှစ် မေတွင် တောင်းဆိုသည့် ဆုံးဖြတ်ချက် မူကြမ်းကို တင်သွင်းခဲ့ရာ ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။ ယင်းကဲ့သို့ တောင်းဆိုမှု ထပ်မံပြုလုပ်နိုင်ခြေနှင့် ပတ်သက်၍ ပြင်သစ်သံအမတ်ကြီး ဖရန်ဆွာဒယ်လာထရီက မပယ်ချခဲ့သော်လည်း သံတမန်များ အနေဖြင့် ဆီးရီးယား စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုတွင် အိုင်စီစီ ပါဝင်လာအောင် လုပ်ဆောင်နိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ခင်ဗျားက ဆေးရုံတွေကို ဗုံးကြဲတဲ့အချိန်၊ စာသင်ကျောင်းတွေကို ဗုံးကြဲတဲ့အချိန်၊ ကလေးတွေကို သတ်တဲ့အချိန်တွေမှာ ဒါတွေက စစ်ရာဇဝတ်မှု မမြောက်ဘူး ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်ဟာတွေက စစ်ရာဇဝတ်မှုတွေလဲ ဆိုတာ ကျွန်တော် မသိတော့ဘူး” ဟု ဒယ်လာထရီက ပြောကြားခဲ့သည်။
ငါးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သော ဆီးရီးယား ပြည်တွင်းစစ် ပဋိပက္ခအတွင်း လူပေါင်း ၃၀၀၀၀၀ ကျော် သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။                        
Ref : AFP

Most Read

Most Recent