ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို စတင်ဆောက်လုပ်

ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို စတင်ဆောက်လုပ်
Published 11 October 2016

ဒူဘိုင်းသည် ၎င်း၏နိုင်ငံအတွင်းမှ လက်ရှိကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက် ဘာ့ချ်ခါလီဖာထက် ပိုမိုမြင့်သည့် မိုးမျှော်တိုက် The Tower ကို အောက်တိုဘာ ၁၁ ရက်က စတင်ဆောက်လုပ်နေပြီဟု သိရသည်။
ဒူဘိုင်းခရိဆိပ်ကမ်းတွင် ထိုမိုးမျှော်တိုက်ကြီးအား စတင်ဆောက်လုပ်သည့် အခမ်းအနားသို့ ဒူဘိုင်းနိုင်ငံကို အုပ်ချုပ်သူ ရှိတ်မိုဟာမက်ဘင်ရာရှစ်အယ်မာတွန်က တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်သားများက သဲများဖြင့် တိုက်ဖောင်ဒေးရှင်းကို စချခဲ့ကြသည်။ “ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမည့် ဒီအဆောက်အအုံသည် ၂၀၂၀ ပြည့်နှစ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်” ဟု ထိုအခမ်းအနား၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။
ဒူဘိုင်းမှ ဆောက်လုပ်ရေး လုပ်ငန်းကြီး Emaar Properties က ထိုမိုးမျှော်တိုက်အား ဆောက်လုပ်မည့် အစီအစဉ်ကို ဧပြီလက စတင်ကြေညာခဲ့သည်။ ယင်းမိုးမျှော်တိုက်ကြီး၏ အမြင့်သည် ၈၂၈ မီတာ (ပေ ၂၇၀၀) မြင့်သော ကမ္ဘာ့အမြင့်ဆုံး ဘာ့ဂျ်ခါလီဖာထက် တစ်ဆင့် ပိုမြင့်လိမ့်မည်ဟုသာ ကြေညာပြီး အမြင့်အတိအကျကို မထုတ်ပြန်ခဲ့ပေ။ ဆောက်လုပ်သည့် စရိတ်မှာမူ ဒေါ်လာ တစ်ဘီလျံဝန်းကျင် ရှိမည်ဟု သိရသည်။ စပိန်-ဆွစ်ဇာလန် ဗိသုကာပညာရှင် ဆန်တီယာဂိုကတ်လာထရာဗာဗောက ဒီဇိုင်းဆွဲသည့် ထိုမိုးမျှော်တိုက်တွင် ကမ်းရိုးတန်း တစ်မြို့လုံးကို ၃၆၀ ဒီဂရီ မြင်ရမည့် အထပ်များ ပါဝင်မည်ဟု သိရသည်။
ဒူဘိုင်းတွင် လက်ခံကျင်းပမည့် Expo 2020 ကုန်သွယ်ရေးပြပွဲ မတိုင်မီ ယင်းမိုးမျှော်တိုက်ကြီး ပြီးစီးလိမ့်မည်ဟု Emaar ၏ ဥက္ကဋ္ဌဖြစ်သူ မိုဟာမက်အလက်ဘာက ပြော-ကြားခဲ့သည်။
ထိုမိုးမျှော်တိုက်ကြီး၏ ရှုထောင့်တိုင်းကို နိုင်ငံတကာ လုံခြုံရေး အမြင့်ဆုံး စံနှုန်းများနှင့်အညီ ဒီဇိုင်းဆွဲထားသည်ဟု သိရသည်။ ထို့အပြင် ယခုမိုးမျှော်တိုက်ကြီးသည် ဒူဘိုင်း၏ ခရီးသွားကဏ္ဍကို ပိုမို ခိုင်မာလာစေပြီး နိုင်ငံ၏ စီးပွားရေးအား ရေနံတစ်ခုတည်း အပေါ်တွင်သာ မမှီခိုစေဘဲ အမျိုးမျိုး ပြောင်းလဲခွဲထုတ်ရာ၌လည်း အကူအညီ ဖြစ်စေမည် ဖြစ်ကြောင်း Dubai Holding လုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သူ မိုဟာမက်အယ်ဂျာဂါဝီက ပြောကြားခဲ့သည်။
ဒူဘိုင်းနိုင်ငံသည် ခေတ်ဆန်သော မိုးမျှော်တိုက် ဒါဇင်ပေါင်းများစွာ ရှိသော ဂုဏ်ကို တည်ဆောက်နေသည်။ ထိုစဉ် ဆော်ဒီအာရေဗျနိုင်ငံမှ Kingdom Holding လုပ်ငန်းကလည်း ဘာ့ဂျ်ခါလီဖာထက် ပိုမြင့်ဖွယ်ရှိပြီး ၁ ကီလိုမီတာကျော် မြင့်သော မိုး မျှော်တိုက်ကြီး တစ်ခုကို ဆောက်လုပ်နေကြောင်း သိရသည်။    
Ref : AFP

Most Read

Most Recent