ဆမ်ဆောင်းက Galaxy Note 7 ထုတ်လုပ်မှုများကို ယာယီရပ်ဆိုင်း

ဆမ်ဆောင်းက Galaxy Note 7 ထုတ်လုပ်မှုများကို ယာယီရပ်ဆိုင်း
Published 10 October 2016

ဘက်ထရီမီးလောင် ပေါက်ကွဲမှုကြောင့် ဆမ်ဆောင်းက အသစ်လဲပေးထားသော ဖုန်းများအနက် တစ်လုံးတွင် မီးလောင်မှုထပ် မံဖြစ်ပွားခဲ့ပြီးနောက် Note 7 ကို ဖြန့်ချိသည့် ဆက်သွယ်ရေး ကုမ္ပဏီများက ဖုန်းအစားထိုး လဲလှယ်ပေးမှုများအား ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
ထို့ပြင် တောင်ကိုရီးယား၏ သတင်းအေဂျင်စီယွန်ဟပ်က ဆမ်ဆောင်းသည် Note 7 ဖုန်းများကို ထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ဖော်ပြခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းကုမ္ပဏီ ဆမ်ဆောင်းက ယင်းသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
တောင်ကိုရီးယား၊ အမေရိကန်နှင့် တရုတ်တို့မှ စားသုံးသူ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းထိန်းသိမ်း သူများနှင့် ပူးပေါင်းဆောင်ရွက်နေသော ဆမ်ဆောင်း၏ ကုန်ပစ္စည်း ပေးသွင်းသူ တစ်ဦးအား ကိုးကားပြီး ယွန်ဟပ်က Note 7 ဖုန်းများ ထုတ်လုပ်မှု ရပ်ဆိုင်းသည့် အကြောင်းကို ဖော်ပြခဲ့သည်။ အားသွင်းနေစဉ် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားကြောင်း တိုင်ကြားမှုများ ရှိခဲ့ပြီးနောက် ဆမ်ဆောင်းက ကမ္ဘာ့ဈေးကွက် ၁၀ နိုင်ငံ၌ Note 7 ဖုန်း ၂ ဒသမ ၅ သန်းကို ပြန်လည် ရုပ်သိမ်းရန် စက်တင်ဘာ ၂ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်၏ ဆက်သွယ်ရေး ကုမ္ပဏီကြီးများဖြစ်သော AT & T နှင့် ပြိုင်ဘက် T-Mobile တို့က Note 7 ဖုန်းများ လဲလှယ်ပေးမှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်တွင် ကြေညာခဲ့သည်။
Note 7 ဖုန်းများ လဲလှယ်ပေးမှုကို ယင်းကဲ့သို့ ရပ်ဆိုင်းမှုကြောင့် ဆမ်ဆောင်း၏ ရှယ်ယာဈေးနှုန်းများသည် အောက်တိုဘာ ၁၀ ရက်တွင် ကျဆင်းသွားခဲ့သည်။ AT & T က Note 7 ဖုန်းများကို အခြားဆမ်ဆောင်းဖုန်း တစ်မျိုးနှင့် သော်လည်းကောင်း သို့မဟုတ် ကြိုက်နှစ်သက်ရာ ဖုန်းတစ်မျိုးဖြင့် သော်လည်းကောင်း လဲလှယ်ပေးမည်ဟု စားသုံးသူများကို ပြောကြားခဲ့သည်။ T-Mobile က ဆမ်ဆောင်းဖုန်းများ ရောင်းချမှုကို ရပ်ဆိုင်းခဲ့ပြီး လဲလှယ်ပေးမှုကိုလည်း ဆိုင်းငံ့ထားကြောင်း ပြောကြားခဲ့သည်။
AT & T သည် ဆမ်ဆောင်း၏ တတိယအကြီးဆုံး ဖောက်သည်ဖြစ်ပြီး T-Mobile သည် စတုတ္ထအကြီးဆုံး ဖောက်သည်ဖြစ်သည်။ ဆမ်ဆောင်းသည် Note 7 ဖုန်း အကျပ်အတည်းကြောင့် ဒေါ်လာနှစ်ဘီလျံအထိ ဆုံးရှုံးနစ်နာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားထားသည်။ သြဂုတ်လက စတင်ဖြန့်ချိခဲ့သော Note 7 ဖုန်းများ အပူလွန် မီးလောင်မှုကြောင့် ဖုန်းအသစ် လဲလှယ်ပေးမှုများက ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။
သို့သော်လည်း လဲလှယ်ပေးသည့် ဖုန်းအသစ်များတွင် အလားတူ မီးလောင်မှုပြဿနာကို ကြုံနေရကြောင်း စားသုံးသူများက ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ အမေရိကန် စားသုံးသူတစ်ဦးက အသစ်လဲလှယ်ထားသော Note 7 ဖုန်းသည် အားမသွင်းသည့် အခြေအနေ၌ပင် မီးလောင်ခဲ့ကြောင်း ပြီးခဲ့သည်တစ်ပတ်တွင် တိုင်ကြားခဲ့သည်။
Ref : AFP

Most Read

Most Recent