ရုရှားက နေတိုးနိုင်ငံများ၏ တံခါးဝသို့ နျူကလီးယား ဒုံးကျည်များကို တပ်ဖြန့်

ရုရှားက နေတိုးနိုင်ငံများ၏ တံခါးဝသို့ နျူကလီးယား ဒုံးကျည်များကို တပ်ဖြန့်
Published 9 October 2016

ရုရှားသည် နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံကြား၌ ရှိနေသော ၎င်း၏ ကာလီနင်ဂရက် စစ်စခန်းသို့ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်သည့် Iskander ဒုံးကျည်များကို နောက်တစ်ကြိမ် ထပ်မံတပ်ဖြန့်ထားသည်ဟု လစ်သူယေးနီးယားက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရုရှား၏ ထိုလုပ်ရပ်သည် ဆီးရီးယားနှင့် ယူကရိန်းအရေးတွင် အနောက်နိုင်ငံများကို ဖိအားပေးရန် ရည်ရွယ်နေခြင်း ဖြစ်သည်ဟုလည်း သတိပေးခဲ့သည်။
“ရုရှားဟာ ကာလီနင်ဂရက်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပြီး လေ့ကျင့်တဲ့ ပုံစံတွေထဲမှာလည်း Iskander ဒုံးကျည် စနစ်တွေကို တပ်ဖြန့်မှု၊ အသုံးပြုနိုင်ခြေရှိမှုတွေ ပါဝင်တယ်ဆိုတာ ကျွန်တော်တို့ သတိထားမိပါတယ်” ဟု လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး လီနက်စ်လင်ကီဗီစီယက်က ပြောကြားခဲ့သည်။
ပြုပြင် မွမ်းမံထားသော Iskander ဒုံးကျည်များသည် ကီလိုမီတာ ၇၀၀ နှင့်အထက် (မိုင် ၄၄၀) အကွာအဝေးအထိ ပစ်ခတ်နိုင်သည်ဟု သိရသည်။ ထို့ကြောင့် ပိုလန်နှင့် လစ်သူယေးနီးယား နိုင်ငံကြားတွင် တည်ရှိသော ရုရှားပိုင် ကာလီနင်ဂရက်မှ Iskander ဒုံးကျည်ကို ပစ်ခတ်ပါက ဂျာမနီမြို့တော် ဘာလင်အထိ ရောက်ရှိနိုင်မည်ဖြစ်သည်။
ရုရှားသည် ၂၀၁၅ ခုနှစ်က ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အနောက်အုပ်စုနှင့် တင်းမာနေချိန် ကြီးမားသော စစ်ရေးလေ့ကျင့်မှုကြီးများ ပြုလုပ်ခဲ့စဉ်ကလည်း Iskander ဒုံးကျည်များကို ကာလီနင်ဂရက်သို့ တပ်ဖြန့်ခဲ့ဖူးသည်။ ယခုတစ်ကြိမ် ထိုဒုံးကျည်များ တပ်ဖြန့်ရခြင်း ရည်ရွယ်ချက်မှာလည်း အနောက်နိုင်ငံများက ၎င်း၏ သဘောထားအပေါ် လိုက်လျောပေးရန် ကြိုးပမ်းခြင်း ဖြစ်သည်ဟု ယူဆကြောင်း ကာကွယ်ရေးဝန်ကြီး လင်ကီဗီစီယက်က ပြောကြားခဲ့သည်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကမူ အနောက်နိုင်ငံများ၏ စိုးရိမ်မှုများကို ပယ်ချခဲ့ပြီး ဒုံးကျည်တပ်ဖွဲ့များသည် ရုရှား၏ လက်နက်ကိုင် လေ့ကျင့်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နေရာများစွာသို့ ရွှေ့ပြောင်းနေခြင်းသာဖြစ်ပြီး ကာလီနင်ဂရက်ဒေသသို့ ဆက်လက်ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် ကာလီနင်ဂရက် ဒေသကိုလည်း ချန်ထား၍ မရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် အီဂေါကိုနက်ရှန်ကော့ဗ်က ထုတ်ပြန်ချက်ထဲတွင် ပြောကြားခဲ့သည်။
ပိုလန်ကာကွယ်ရေး ဝန်ကြီးကလည်း ရုရှား၏ လှုပ်ရှားမှုများသည် အလွန် သတိထားစရာ ဖြစ်နေပြီဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်က ပြောကြားခဲ့သည်။
ရုရားသည် ယူကရိန်းထံမှ ခရိုင်းမီးယားကို သိမ်းပိုက်ကာ ဆီးရီးယားတွင် စစ်ရေးအရ ဝင်ပါခဲ့သည့် ပြီးခဲ့သည့် နှစ်များအတွင်း ရုရှားနှင့် အနောက်နိုင်ငံတို့ကြား တင်းမာမှုသည် စစ်အေးခေတ်နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေအထိ ရောက်ရှိလာခဲ့သည်။
Ref: AFP

Most Read

Most Recent