အမျိုးသမီးများနှင့် ပတ်သက်၍ ၂၀၀၅ ခုနှစ်က ရိုင်းပျစွာ မှတ်ချက်ပေးခဲ့မှုအတွက် ဒေါ်နယ်ထရန့် တောင်းပန်

အမျိုးသမီးများနှင့် ပတ်သက်၍ ၂၀၀၅ ခုနှစ်က ရိုင်းပျစွာ မှတ်ချက်ပေးခဲ့မှုအတွက် ဒေါ်နယ်ထရန့် တောင်းပန်
Published 8 October 2016

သမ္မတ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် အကျပ်အတည်း ကြီးကြီးမားမားနှင့် ရင်ဆိုင်နေရသော ဒေါ်နယ်ထရန့်က ၂၀၀၅ ခုနှစ်တွင် အမျိုးသမီးများနှင့် ပတ်သက်၍ ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်ပေးခဲ့မှုအတွက် အောက်တိုဘာ ၈ ရက် အစောပိုင်းတွင် တရားဝင် တောင်းပန်ခဲ့သည်။
ရီပက်ဘလီကင်သမ္မတ ကိုယ်စားလှယ် ထရန့်သည် အမျိုးသမီးများအား ပွတ်သပ်စမ်းကိုင်မှုနှင့် နမ်းရှုပ်မှုတို့အကြောင်းကို ညစ်ညမ်းသော စကားများ အသုံးပြု၍ ပြောကြားခဲ့ကြောင်း ဝါရှင်တန်ပို့စ်က အောက်တိုဘာ ၇ ရက်တွင် ဗီဒီယို ထုတ်ပြန်ခဲ့သည်။
“ကျွန်တော် ပြောခဲ့ လုပ်ခဲ့တာတွေ အတွက် နောင်တရပါတယ်။ ဒီစကားလုံးတွေက ကျွန်တော် ဘယ်လိုလူမျိုးလဲ ဆိုတာကို မထင်ဟပ်ဘူးဆိုတာ ကျွန်တော့်ကို သိတဲ့လူတိုင်း သိကြပါတယ်။ ကျွန်တော်မှားခဲ့ပြီး တောင်းပန်တယ်လို့ ကျွန်တော် ပြောပါတယ်” ဟု ထရန့်က ရုပ်သံတွင် တောင်းပန် ပြောကြားခဲ့သည်။ ထရန့်၏ တောင်းပန်မှုသည် အိမ်ဖြူတော်သို့ တက်လှမ်းရေးအတွက် ကြိုးပမ်းနေသည့် ၁၆ လတာ ကာလအတွင်း ပထမဆုံး တောင်းပန်မှုဖြစ်ဖွယ် ရှိသည်။
ဝါရှင်တန်ပို့စ်က ထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် ထရန့်က သူသည် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို ရိုက်ခဲ့ပြီး အမျိုးသမီးများ၏ ပေါင်ခွကြားကို ကိုင်ခဲ့ဖူးကြောင်း ပြောကြားခဲ့ပြီး ထိုကဲ့သို့ ပြောကြားရာတွင် အလွန်ရုန့်ရင်း ကြမ်းတမ်းသော စကားလုံးများကို အသုံးပြုခဲ့ကြောင်း သတင်းများက ဆိုသည်။
“ခင်ဗျားက အောင်မြင်ကျော်ကြားသူ တစ်ယောက် ဖြစ်နေချိန်မှာ ဘာလုပ်လုပ် ရပါတယ်” ဟု ထရန့်က ပြောကြားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ တစ်လခန့် အလိုတွင် မဲဆွယ်စည်းရုံးမှု ကာလ၏ အရေးကြီးသော အချိန်ကို ရောက်ရှိနေချိန်၌ ထရန့်သည် အရှုပ်တော်ပုံများနှင့် နစ်မွန်းနေသည်။
အောက်တိုဘာ ၉ ရက်တွင် စိန့်လူးဝစ်၌ ဒုတိယမြောက် သမ္မတစကား စစ်ထိုးပွဲအတွက် ပြင်ဆင်နေကြချိန်တွင် ထရန့်၏ ဗီဒီယိုက ဝေဖန်မှုများ ပေါက်ကွဲထွက်စေခဲ့သည်။ ထရန့်အား ရီပက်ဘလီကင် ပါတီတွင်းမှ ဝေဖန်မှုများ မြင့်တက်လာနေပြီး ရီပက်ဘလီကင် လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် ယူးတားပြည်နယ်အမတ် ဂျေဆင်ရှာဖက်က ထရန့်အား ထောက်ခံမှုကို ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။
၂၀၁၂ ခုနှစ်က သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော ယူးတားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂျွန်ဟန့်မန်းနှင့် အခြားကွန်ဂရက် အမတ်နှစ်ဦးကလည်း ထရန့်အား သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။
အမေရိကန်၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာရန် ကြိုးပမ်းနေသော ကလင်တန်က အောက်တိုဘာ ၉ ရက် စကားစစ်ထိုးပွဲတွင် ထရန့်၏ ဗီဒီယိုနှင့် ပတ်သက်၍ ထိုးနှက် တိုက်ခိုက်ရန် သေချာနေသည်။ သုံးမိနစ် ကြာမြင့်သော ယင်းဗီဒီယိုတွင် ထရန့်က အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးနှင့် အိပ်ရန် ကြိုးပမ်းခဲ့ဖူးကြောင်းကို ပြောကြားခဲ့သည်။ ယင်းဗီဒီယိုတွင် ထရန့်က ဟောလိဝုဒ် ထင်ရှားကျော်ကြားသူများအကြောင်း ပင်တိုင်တင်ဆက်သူ ဗီလီဘုရှ်အား အမျိုးသမီး တစ်ဦးကို အလွန်ကြိုက်ခဲ့ပြီး ယင်းအမျိုးသမီး၌ အိမ်ထောင်ရှိနေသောကြောင့် မရခဲ့ကြောင်း ပြောကြားခဲ့သည်။
ထရန့်သည် တတိယဇနီး မီလာနီယာနှင့် လက်ထပ်ပြီးနောက် လအနည်းငယ် အကြာတွင် ယင်းဗီဒီယိုကို ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဝါရှင်တန်ပို့စ်က ဆိုသည်။ ရီပက်ဘလီကင်၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သော အောက်လွှတ်တော်ဥက္ကဋ္ဌ ပေါရိုင်ယန်က ကြားခဲ့ရသည်များအတွက် အလွန် စိတ်ပျက်မိကြောင်း အမျိုးသမီးများကို ကာကွယ်ပေးရမည်ဖြစ်ပြီး မြတ်နိုးမှုထားရမည်ဖြစ်ကြောင်း ရုပ်ဝတ္ထုကဲ့သို့ သဘောထားပြုမူ၍ မရကြောင်း ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent