အလက်ပိုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်မူကြမ်း နှစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲ ဆုံးဖြတ်မည်

အလက်ပိုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်မူကြမ်း နှစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲ ဆုံးဖြတ်မည်
Published 8 October 2016

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် လေကြောင်းတိုက်ခိုက်မှုများ အဆုံးသတ်ရန် တောင်းဆိုထားသော ပြင်သစ်၏ ဆုံးဖြတ်ချက်မူကြမ်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ အဆုံးသတ်ရန် ရည်ညွှန်းထားမှု မပါဝင်သော ရုရှား၏ ဆုံးဖြတ်ချက် မူကြမ်းတို့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အောက်တိုဘာ ၈ ရက်၌ မဲခွဲမည်ဖြစ်ကြောင်း သိရသည်။ အလက်ပိုတွင် စစ်ဘက်လေကြောင်းတိုက်ခိုက်မှုအားလုံး ရပ်ဆိုင်းရန် တောင်းဆိုထားသော ပြင်သစ်ဦးဆောင် ရေးဆွဲထားသည့် ဆုံးဖြတ်ချက် မူကြမ်းကို အမေရိကန်နှင့် ဗြိတိန်တို့က ထောက်ခံခဲ့သော်လည်း ရုရှားက ဗီတိုအာဏာသုံး၍ ပယ်ချမည်ဟု မျှော်လင့်ရသည်။
ပြင်သစ်၏ ဆုံးဖြတ်ချက် မူကြမ်းကို မဲခွဲပြီးနောက် ကုလလုံခြုံရေးကောင်စီက ရုရှား၏ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။ ရုရှား၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အလက်ပို၌ အပစ်အခတ်ရပ်စဲရန် တောင်းဆိုထားသော်လည်း လေကြောင်းဗုံးကြဲမှုများ ရပ်ဆိုင်းရန် အထူးပြုတောင်းဆိုမှု မပါဝင်ခဲ့ပေ။ ရုရှား၏ ဆုံးဖြတ်ချက်မူကြမ်းသည် အလက်ပို၌ ဗုံးကြဲတိုက်ခိုက်မှုများ အဆုံးသတ်ရန် လိုအပ်မှုမှ အာရုံလွဲှစေရန် အတ္တဆန်သော ကြိုးပမ်းမှုဖြစ်ကြောင်း ကုလဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သရူးရွိုင်ခရော့က ဝေဖန်ခဲ့သည်။
ရုရှား၏ ဆုံးဖြတ်ချက်မူကြမ်းတွင် ရန်လိုတိုက်ခိုက်မှုများ ရပ်ဆိုင်းမှုကို အထူးသဖြင့် အလက်ပိုတွင် ချက်ချင်း အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ပြီး လူသားချင်း စာနာမှု အကူအညီများ ပေးပို့နိုင်ရန်အတွက် သက်ဆိုင်သူ အားလုံးက ခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ သူပုန်များ ထိန်းချုပ်ထားပြီး လူဦးရေ ၂၅၀၀၀၀ ထက်မနည်း နေထိုင်သော အလက်ပိုအရှေ့ပိုင်းသည် လတ်တလောတွင် ဝိုင်းရံပိတ်ဆို့ ခံထားရပြီး ယင်းမြို့ကို ပြန်လည်သိမ်းယူရန် ရုရှားထောက်ကူပေးထားသော ဆီးရီးယားအစိုးရက ပြီးခဲ့သောလတွင် ထိုးစစ်စတင် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများကို အကြီးအကျယ် ကြုံတွေ့ခဲ့ရသည်။
အလက်ပိုတွင် ဗုံးကြဲမှုများ ရပ်ဆိုင်းရန်၊ လူသားချင်းစာနာမှု အကူအညီများ ပေးပို့ခွင့် ရရှိရန်နှင့် စစ်ဘက်ပျံသန်းမှုများကို ပိတ်ပင်ရန် အဆိုပြုထားသည့် ပြင်သစ်၏ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီက ပြီးခဲ့သော သီတင်းပတ်တွင် ဆွေးနွေးခဲ့ကြသည်။ ပြင်သစ်၏ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပါက ဆီးရီးယားအရေးနှင့် ပတ်သက်၍ ရုရှားက ဗီတိုအာဏာသုံး၍ ငါးကြိမ်မြောက် ပယ်ချမှု ဖြစ်လာမည်ဖြစ်သည်။
ဂျီဟတ် တိုက်ခိုက်ရေး သမားများကို အလက်ပိုမှ ထွက်ခွာခွင့်ပေးရန် ကုလသမဂ္ဂ သံတမန် စတက်ဖန်ဒီမစ်တူရာ၏ အဆိုပြုချက်များကို ကြားနာရန် ရုရှား၏ မေတ္တာရပ်ခံခဲ့မှုကြောင့် လုံခြုံရေးကောင်စီက အရေးပေါ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရသည်။
ရုရှား၏ ဆုံးဖြတ်ချက်မူကြမ်းတွင် မစ်တူရာ၏ အဆိုပြုချက်များကို ကြိုဆိုထားပြီး လုံခြုံရေးကောင်စီက အတည်ပြုနိုင်မည့် အသေးစိတ် အစီအစဉ် တစ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ထုတ်ပြန်ပေးရန် ရုရှားက တောင်းဆိုထားကြောင်း သိရသည်။
Ref: AFP

Most Read

Most Recent