ရွေးကောက်ပွဲအား နှောင့်ယှက်ရန်အတွက် ရုရှားက ဆိုက်ဘာတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် စွပ်စွဲ

ရွေးကောက်ပွဲအား နှောင့်ယှက်ရန်အတွက် ရုရှားက ဆိုက်ဘာတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် စွပ်စွဲ
Published 8 October 2016

အမေရိကန် သမ္မတ ရွေးကောက်ပွဲအား ဝင်ရောက်စွက်ဖက်ရန် ရုရှား အစိုးရက ကြိုးပမ်းနေကြောင်း အမေရိကန် အစိုးရက တရားဝင် စွပ်စွဲခဲ့ပြီး ယင်းဆိုက်ဘာ တိုက်ခိုက်မှုအတွက် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အချိန်နှင့် နေရာကို မထုတ်ဖော်ခဲ့ဘဲ ပြောကြားခဲ့သည်။ ဆီးရီးယားတွင် ပြည်တွင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ကြိုးပမ်းမှုများ နှောင့်နှေးရခြင်း၊ နေတိုး၏ ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများကြောင့် ရုရှားနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် အမေရိကန်က ဆိုက်ဘာတိုက်ခိုက်မှုနှင့် ပတ်သက်သည့် စွပ်စွဲချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းလုံခြုံရေး ဌာနနှင့် အမျိုးသား ထောက်လှမ်းရေး ရုံးတို့က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မော်စကိုသည် ဆိုက်ဘာတိုက်ခိုက်မှုများ ဆက်တိုက်ဆောင်ရွက်ခဲ့ကြောင်း ဝါရှင်တန်က ပထမဆုံးအချိန် တရားဝင် စွပ်စွဲခဲ့သည်။ အမေရိကန်ကို ရုရှားက ဆိုက်ဘာတိုက်ခိုက်မှုများ ဆောင်ရွက်နေဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ယခင်ကတည်းက ပြောကြားထားသည်။
အမေရိကန်နိုင်ငံရေး အဖွဲ့အစည်းများ အပါအဝင် အမေရိကန် တစ်ဦးချင်းနှင့် အဖွဲ့အစည်းများထံမှ အီးမေးလ်များကို ခိုးဖတ်ရန် ရုရှားအစိုးရက ညွှန်ကြားခဲ့သည်ဟု အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ယုံကြည်ထားကြောင်း တရားဝင် ထုတ်ပြန်ချက်က ဆိုသည်။ ကရင်မလင်က ယင်းစွပ်စွဲချက်များသည် အဓိပ္ပာယ် မရှိကြောင်း ပယ်ချခဲ့သည်။
“သမ္မတ ဗလာဒီမာပူတင်၏ ဝက်ဘ်ဆိုက်ကို ဟက်ကာထောင်ပေါင်းများစွာက နေ့တိုင်းလိုလို တိုက်ခိုက်နေကြပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အမေရိကန်မြေပေါ်က ဆောင်ရွက်တာလို့ ခြေရာခံ သိရှိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အိမ်ဖြူတော်ကို တစ်ခါမျှ အပြစ်မတင်ခဲ့ပါဘူး” ဟု ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့က ရုရှားသတင်းအေဂျင်စီကို ပြောကြားခဲ့သည်။
ဝီကီလိခ်နှင့် အခြားဝက်ဘ်ဆိုက်များက ထုတ်ပြန်ခဲ့သော ခိုးကြည့်ထားသည့် အီးမေးလ်များနှင့် Guccifer 2.0 က ထုတ်ပြန်မှုများသည် ရုရှား၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ခဲ့သည်ဟု ပြောကြားရန် ညီညွတ်နေကြောင်း အမေရိကန်က ဆိုသည်။
မော်စကိုသည် အမေရိကန် ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဒိုင်ရာနီဖင်စတိန်းက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် ဖင်စတိန်းက အမေရိကန်၏ ရွေးကောက်ပွဲစနစ်ကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းမှုများကို သည်းခံနိုင်မည် မဟုတ်ကြောင်း၊ ရုရှားအစိုးရ အနေဖြင့် ထိုလုပ်ရပ်များကို ရပ်တန့်ရမည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
Guccifer 2.0 ဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့သည် ကလင်တန် ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့် အီးမေးလ် အချက်အလက်များကို ထုတ်ပြန်ခဲ့ပြီး ဝီကီလိခ်ကလည်း ဒီမိုကရက်တစ် ကော်မတီနှင့် ပတ်သက်သည့် အီးမေးလ်များကို ဇူလိုင်လတွင် ဖွင့်ချခဲ့သည်။
Ref: AFP

Most Read

Most Recent