ကက်ရှ်မီးယားတွင် ဆန္ဒပြမှုအတွင်း သေဆုံးခဲ့သည့် လူငယ်ဈာပန၌ အဓိကရုဏ်းများ ထပ်မံဖြစ်ပွားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရ

ကက်ရှ်မီးယားတွင် ဆန္ဒပြမှုအတွင်း သေဆုံးခဲ့သည့် လူငယ်ဈာပန၌ အဓိကရုဏ်းများ ထပ်မံဖြစ်ပွားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရ
Published 8 October 2016

အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသ၏ အဓိကမြို့တွင် ဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့ရသည့် ယောကျ်ားလေး တစ်ဦး၏ ဈာပနအတွင်း အစိုးရတပ်ဖွဲ့ဝင်များနှင့် လူထောင်ပေါင်းများစွာတို့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် ထိုမြို့ထဲ၌ ညမထွက်ရအမိန့် ထုတ်လိုက်သည်ဟု ရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၁၂ နှစ်အရွယ် ထိုယောကျ်ားလေး၏ အလောင်းကို ဆရင်နဂါမြို့၏ အာဇာနည်သချုႋင်းသို့ သယ်ဆောင်သွားစဉ် အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲနှင့် ပြည်သူ့စစ်များက လူစုခွဲရန် မျက်ရည်ယိုဓာတ်ငွေ့များ၊ လေသေနတ်များ အသုံးပြုပြီး လေထဲသို့ သေနတ်ပစ်ဖောက်ခဲ့ကြသည်ဟု ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ပြောခွင့်မရှိသည့် အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဒေသခံများက သေဆုံးခဲ့သည့် ယောကျ်ားလေးသည် ၎င်း၏နေအိမ် အပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်၌ ရှိနေစဉ် လေသေနတ်နှင့် ပစ်ခတ်ခံခဲ့ရသည်ဟု ပြောကြားခဲ့ပြီး ရဲများကမူ ၎င်းသည် အောက်တိုဘာ ၇ ရက်က အိန္ဒိယဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သည်ဟု ဆိုသည်။
“ဒီဆန္ဒပြပွဲတွေဟာ တခြားဒေသတွေကို ပျံ့မသွားစေဖို့ ကျွန်တော်တို့ အစွမ်းကုန် လုပ်ဆောင်နေပါတယ်” ဟု ထိုရဲအရာရှိက ညမထွက်ရအမိန့်ကို ရည်ညွှန်းပြောကြားခဲ့သည်။ ဒေါသထွက်နေကြသည့် ဝမ်းနည်းကြေကွဲသူများကမူ “ကျုပ်တို့ တရားမျှတမှုကို လိုချင်တယ်”၊ “အိန္ဒိယတွေ ထွက်သွားကြ” ဟု အော်ဟစ်ခဲ့ကြသည်။
တည်ငြိမ်မှုမရှိသော ဟိမဝန္တာဒေသတွင် အောက်တိုဘာ ၇ ရက်က ဆန္ဒပြပွဲများအတွင်း လူပေါင်း ၅၀ ကျော် ဒဏ်ရာရခဲ့သည်။ ကက်ရှ်မီးယားတွင် အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်မှာ လေးလနီးပါး ရှိနေပြီဖြစ်သည်။ အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့များနှင့် အဓိကရုဏ်းများအတွင်း လူပေါင်း ၉၀ ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်ကာ သေဆုံးသူ အများစုမှာ လူငယ်ဆန္ဒပြသူများ ဖြစ်ကြပြီး ဒဏ်ရာရသူ ၁၂၀၀၀ ကျော်ရှိပြီ ဖြစ်သည်။ ဇူလိုင် ၈ ရက်က ထင်ရှားသော စစ်သွေးကြွခေါင်းဆောင် တစ်ဦးသည် စစ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရာမှ မတည်မငြိမ်မှုများ စတင်ခဲ့သည်။ ထို့နောက်ပိုင်း ဈေးဆိုင်များ၊ စာသင်ကျောင်းများ၊ ဘဏ်များ ပိတ်ခဲ့ကြပြီး အာဏာပိုင်များက မိုဘိုင်းဖုန်းများသို့ အင်တာနက်ဝန်ဆောင်မှုကို ရပ်ဆိုင်းထားလိုက်သည်။
၁၉၄၇ ခုနှစ်က ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ကြသည့် ပြိုင်ဘက် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ကက်ရှ်မီးယား ဒေသအား ခွဲဝေအုပ်ချုပ်နေကြခြင်းဖြစ်သည်။ သို့သော် ကက်ရှ်မီးယားဒေသထဲတွင် အိန္ဒိယ ဆန့်ကျင်ရေး စိတ်ဓာတ်များ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေကြပြီး ကက်ရှ်မီးယား လက်နက်ကိုင်အဖွဲ့ အများအပြားကလည်း ခွဲထွက်ရေး သို့မဟုတ် ပါကစ္စတန်နှင့် သွားရောက်ပူးပေါင်းရေးတို့အတွက် ၁၉၈၉ ခုနှစ် ကတည်းက အိန္ဒိယ အစိုးရကို ပုန်ကန်နေခဲ့ကြသည်။
Ref: AFP

Most Read

Most Recent