နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်သုံးသပ်ရေး အစည်းအဝေးသို့ UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်သုံးသပ်ရေး အစည်းအဝေးသို့ UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်
Published 8 October 2016
ကျော်ဇင်ဝင်း၊ ဝီရမိုးနေ

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်သုံးသပ်ရေး အစည်းအဝေးအား ယခုလလယ်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး အဆိုပါ အစည်းအဝေးသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အနေဖြင့် တက်ရောက်မည်ဖြစ်ကြောင်း UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် အောက်တိုဘာ ၄ ရက်က ပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ (ENAC) ၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သည့် မူဝါဒ အကြံပြုချက်များ မူကြမ်းစာအုပ် မိတ်ဆက်ပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။“တက်ဖို့ ရှိပါတယ်။ ဒါကတော့ ရည်ရွယ်ချက် ရှိပါတယ်။ သူတို့လည်း ရက်ချိန်း ပေးထားပါတယ်။ ဒီလ အတွင်းမှာပဲ” ဟု နိုင်ဟံသာက ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေး အပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် သုံးသပ်ခြင်း အစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့ရှိ NRPC ရုံးတွင် ပြုလုပ်ခဲ့ရာ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားပြု ကိုယ်စားလှယ်များ၊ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မိုင်းလား အထူးဒေသ (၄) မှ ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့ပြီး NCA လက်မှတ် ရေးထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တက်ရောက်ခဲ့ခြင်း မရှိပေ။  အဆိုပါ အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲရေး အလုပ်အဖွဲ့အား အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့များမှ ကိုယ်စားလှယ် သုံးဦးစီဖြင့် စုစုပေါင်း ကိုးဦး ပါဝင်ဖွဲ့စည်းကာ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲလျက် ရှိသည်။ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ခူဦးရယ် ဦးဆောင်သော DPN အဖွဲ့တို့သည် စက်တင်ဘာ ၂၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ယင်းအစည်းအဝေးတွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် DPN ဘက်မှ တင်ပြထားသော အချက်များအပေါ် နှစ်ဖက်ကိုယ်စားလှယ်များ နည်းလမ်းရှာသည့် ချဉ်းကပ်မှုမျိုးဖြင့် ဆွေးနွေးခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းကောင်းများကို နှစ်ဖက်မှ ညှိနှိုင်းခဲ့ကြကြောင်း၊ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို အောက်တိုဘာလလယ်တွင် ပြုလုပ်သွားရန်နှင့် အလွတ်သဘော ဆွေးနွေးပွဲများ မကြာခဏ ပြုလုပ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်နိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး တိုးမြှင့်လုပ်ဆောင်သွားရန် နှစ်ဖက်မှ သဘောတူခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့အတူ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို နိုဝင်ဘာ လဆန်းပိုင်းတွင် ကျင်းပရန် သတ်မှတ်ထားသည်။