လွှတ်တော်နှစ်ရပ် သဘောတူထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပြည်ထောင်စုလွှတ်တော်နာယက ပေးပို့ထား

လွှတ်တော်နှစ်ရပ် သဘောတူထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပြည်ထောင်စုလွှတ်တော်နာယက ပေးပို့ထား
Published 7 October 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ် သဘောတူထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် အောက်တိုဘာ ၆ ရက်တွင် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ချက်များဖြင့် အတည်ပြု၍ အမျိုးသား လွှတ်တော်သို့ ပေးပို့ခဲ့ရာ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူကာ သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပေးပို့ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော်က ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေး အခြေအနေ၊ စီးပွားရေး အခြေအနေ၊ သဘာ၀ ပတ်ဝန်းကျင် အခြေအနေနှင့် လူမှုအကျိုးစီးပွားကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများကို ခွင့်ပြုမိန့်ထုတ်ပေးရန် ဆောင်ရွက်သည့်အခါ အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်ဟု ထည့်သွင်းအတည်ပြုခဲ့သည်။ထို့ပြင် နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် သို့မဟုတ် ပေါ်ပေါက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှအပ ပြည်ပ စမ်းသပ်ဆဲဖြစ်သော သို့မဟုတ် အသုံးပြုရန်၊ စိုက်ပျိုးမွေးမြူရန်၊ အတည်ပြုချက် မရရှိသေးသော နည်းပညာများ၊ ဆေးဝါးများ၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ၊ အသုံးအဆောင်များ သယ်ဆောင်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ နိုင်ငံတော်အတွင်း တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ပြည်သူတို့အပေါ် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ သဘာ၀ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများ ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် သတ်မှတ်ထားသည်ကိုလည်း ဥပဒေကြမ်းတွင် ထည့်သွင်း အတည်ပြုခဲ့သည်။ဥပဒေကြမ်းတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူသည် ပြည်ထောင်စုအစိုးရ သို့မဟုတ် အစိုးရ အဖွဲ့အစည်းများထံမှ ဖြစ်စေ၊ ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံပိုင်ရှင်ထံမှ ဖြစ်စေ ကော်မရှင်ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိသည့်နေ့မှစ၍ ကနဦး နှစ် ၅၀ အထိ သတ်မှတ်ချက်နှင့်အညီ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းနိုင်ကြောင်း၊ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းကာလ သို့မဟုတ် အသုံးပြုခွင့်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တစ်ဆက်တည်း သက်တမ်းတိုးခွင့် ၁၀ နှစ်နှင့် ယင်းသက်တမ်း ကုန်ဆုံးပြီး ထပ်မံ၍ ၁၀ နှစ် သက်တမ်းတိုးမြှင့်နိုင်ကြောင်းကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။ထို့ပြင် အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်းနှင့် ပတ်သက်၍လည်း ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုတွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် မည်သည့်နိုင်ငံသားကိုမဆို အကြီးတန်း စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးအဖြစ် တည်ဆဲဥပဒေများနှင့်အညီ ခန့်အပ်နိုင်ကြောင်း၊ အကြီးတန်း စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးနေရာတို့တွင် နိုင်ငံသားများအား ခန့်အပ်နိုင်ရန် အလို့ငှာ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် ကျွမ်းကျင်မှု မလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားနှင့် နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများ ခန့်ထားရာတွင် အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည် ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ထည့်သွင်း အတည်ပြုခဲ့သည်။ဥပဒေကြမ်းတွင် အစိုးရအဖွဲ့သည် အများပြည်သူ အကျိုးအတွက် လိုအပ်ချက် တစ်ရပ်ရပ် ရှိခြင်း၊ ခွဲခြားဆက်ဆံမှု မရှိဘဲ ဆောင်ရွက်ခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ သိမ်းယူသည့် အခြေပစ္စည်းအား မျှတ၍ ပြည့်စုံလုံလောက်သော လျော်ကြေးကို မြန်ဆန်စွာ ပေးချေခြင်း စသည့် အခြေအနေများနှင့် အညီ ဆောင်ရွက်ခြင်းမှအပ ရင်းနှီးမြှုပ်နှံမှုကို သိမ်းယူခြင်း သို့မဟုတ် နိုင်ငံပိုင်ပြုလုပ်ခြင်းကို ဖြစ်စေ၊ သွယ်ဝိုက်သိမ်းယူခြင်းကို ဖြစ်စေ၊ ရပ်ဆိုင်းစေခြင်း သဘော သက်ရောက်သော ဆောင်ရွက်မှုများကို ဖြစ်စေ မပြုလုပ်ဟု အာမခံသည်ဟု ပါရှိသည်။