ဒုတိယအကြိမ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ ပြီးဆုံး၊ ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်းခြောက်ခု အတည်ပြု ပြဋ္ဌာန်းခဲ့

ဒုတိယအကြိမ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ ပြီးဆုံး၊ ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်းခြောက်ခု အတည်ပြု ပြဋ္ဌာန်းခဲ့
Published 7 October 2016

၂၀၁၆ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ အောက်တိုဘာ ၇ ရက်တွင် ပြီးဆုံးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်းခြောက်ခုကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းများမှာ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ၊ အရေးပေါ် စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေတို့ ဖြစ်ပြီး လျှပ်စစ်နည်းဥပဒေ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေတို့ကို အတည်ပြုခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ပြောကြားသည်။ထို့အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုပြီးဖြစ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကိုလည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပေးပို့ထားကြောင်း မန်းဝင်းခိုင်သန်းက ဆိုသည်။ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးအတွင်း ဆောင်ရွက်ချက်များကို လွှတ်တော်သို့ အသိပေး ပြောကြားခဲ့သည်။“ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျာ။ ဒုတိယအကြိမ်လွှတ်တော် အသီးသီးရဲ့ တတိယပုံမှန် အစည်းအဝေးများ မစတင်မီ လွှတ်တော်အစည်းအဝေးများ ရပ်နားစဉ် ကာလမှာ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေများသို့ သွားရောက်ပြီး မဲဆန္ဒရှင် ပြည်သူများ၏ အသံကို နားထောင်ကြပါ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့ လွှတ်တော်ရဲ့ ဆောင်ပုဒ်နဲ့အညီ နိုင်ငံသား ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားစေရေးအတွက် အခြေခံမှန်ကန်တဲ့ လိုအပ်ချက်များကို သိရှိပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်နိုင်အောင် ကြိုးစား ဆောင်ရွက်ခဲ့ကြပါ” ဟု ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။ထို့အတူ ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ၄၇ ရက် ပြုလုပ်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၂၂၅ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၄၀၇ ခု မေးမြန်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ကာ အရေးကြီးအဆိုနှစ်ခု အပါအဝင် အဆို စုစုပေါင်း ၁၆ ခု တင်သွင်းခဲ့၍ အတည်ပြုအဆို လေးခု၊ မှတ်တမ်းတင်အဆို ကိုးခု၊ အတည်မပြုအဆို နှစ်ခုနှင့် ဆွေးနွေးရန်မသင့် အဆို တစ်ခုအဖြစ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးသည့် ဥပဒေကြမ်းငါးခု အပါအဝင် ဆောင်ရွက်ဆဲ ဥပဒေကြမ်း ၁၉ ခုရှိပြီး အတည်ပြု ဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၁၀ ခုဖြစ်ကာ ဆက်လက်ဆွေးနွေးရန် ဥပဒေကြမ်းကိုးခု ကျန်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတင်ကျင်းပသည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားရှိသည့် ကော်မတီ ၁၉ ခု၏ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminar များနှင့် ပတ်သက်၍ လွှတ်တော်တွင်း တွေ့ဆုံမှု အနေဖြင့် ပြည်တွင်းဧည့်သည် ၂၇၄၀၊ ပြည်ပဧည့်သည် ၃၂၇ ဦးတို့ဖြင့် တွေ့ဆုံမှုပေါင်း ၁၂၅ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြည်တွင်းဧည့်သည် ၁၈၀၇၁ ဦး၊ ပြည်ပဧည့်သည် ၁၈၂၈ ဦးတို့ဖြင့် တွေ့ဆုံမှုပေါင်း ၂၀၂ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လေ့လာရေးခရီး အပါအဝင် ပြည်ပသို့ သွားရောက်တွေ့ဆုံမှုများ အကြိမ် ၂၀ ရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၅၄ ဦးနှင့် ပြည်ပဧည့်သည် ၉၁၆ ဦးတို့ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။အမျိုးသားလွှတ်တော် အစည်းအဝေးများကိုလည်း ၄၅ ရက် ပြုလုပ်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၄၇ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၉၂ ခု မေးမြန်းခဲ့ကာ အဆိုသုံးခု တင်သွင်းခဲ့ရာ အတည်ပြုအဆိုတစ်ခု၊ မှတ်တမ်းတင် အဆိုတစ်ခုနှင့် အတည်မပြု အဆိုတစ်ခုတို့ဖြစ်ပြီး ဥပဒေကြမ်း ၁၅ ခုကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။