လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် Check and Balance ပြုလုပ်ရာတွင် ကန့်သတ်ချက်ဘောင်များကို ကျော်လွန်ပြီး အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေး ကဏ္ဍတို့တွင် ဝင်ရောက်စွက်ဖက်ခြင်း မဖြစ်ရန်အတွက် သတိပြု ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မှာကြား

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် Check and Balance ပြုလုပ်ရာတွင် ကန့်သတ်ချက်ဘောင်များကို ကျော်လွန်ပြီး အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေး ကဏ္ဍတို့တွင် ဝင်ရောက်စွက်ဖက်ခြင်း မဖြစ်ရန်အတွက် သတိပြု ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မှာကြား
Published 7 October 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ကိုယ်စားလှယ်များ အနေဖြင့် Check and Balance ပြုလုပ်ရာတွင် ကန့်သတ်ချက် ဘောင်များကို ကျော်လွန်ပြီး အုပ်ချုပ်ရေး ကဏ္ဍနှင့် တရားစီရင်ရေး ကဏ္ဍတို့တွင် ဝင်ရောက်စွက်ဖက်ခြင်း မဖြစ်ရန်အတွက် သတိပြု ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားသည်။ဒုတိယအကြိမ် လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး ပြီးဆုံးသည့်နေ့ အောက်တိုဘာ ၇ ရက်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။“အစည်းအဝေး ရပ်နားထားစဉ် ကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေတွေကို ပြန်လည် ရောက်ရှိတဲ့ အခါမှာ ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြပါ။ ကိုယ်စားလှယ်များရဲ့ တာဝန်က ဘာတွေလဲ၊ မိမိတို့ ဥပဒေပြုရေး မဏ္ဍိုင်ရဲ့ အခန်းကဏ္ဍက ဘာတွေလဲ ဆိုတာကို ခြေခြေမြစ်မြစ် သိရှိနေကြဖို့ လိုပါတယ်။ ဥပဒေပြုသူသည် ဥပဒေ ချိုးဖောက်သူ မဖြစ်စေရဆိုတဲ့ ဆိုရိုးစကားနှင့်အညီ တည်ဆဲဥပဒေများကို အထူးလေးစား လိုက်နာကြဖို့ လိုပါတယ်။ မိမိတို့ ဥပဒေပြုရေးမဏ္ဍိုင် အနေနဲ့ Check and Balance ပြုလုပ်တဲ့နေရာမှာ ကန့်သတ်ချက် ဘောင်များကို ကျော်လွန်ပြီး အုပ်ချုပ်ရေး ကဏ္ဍတွေ၊ တရားစီရင်ရေး ကဏ္ဍတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းတွေ မဖြစ်ရအောင် သတိပြု ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေး အာဏာများကို ခွဲဝေပိုင်းခြား ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုခွဲဝေပိုင်းခြား ကျင့်သုံးခြင်းဖြင့် အာဏာအလွဲသုံးစား လုပ်ခြင်းကို ကာကွယ်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှု (Democratic Culture)ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ထည့်သွင်းပြောကြားသည်။ထို့အတူ နိုင်ငံတော်၏ အခြေခံမူများတွင် နိုင်ငံတော်၏ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌ တည်သည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်သောကြောင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင်များဖြစ်သည့် မဲဆန္ဒရှင် ပြည်သူလူထု၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များတွင် အဓိက တာဝန်ရှိကြောင်း၊ မဲဆန္ဒနယ်မြေမှ ပြည်သူလူထု၏ အသံကို အမြဲ နားစွင့်နေကြရန် မှာကြားလိုကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များ၊ ဆန္ဒသဘောထားများက ဘာလဲ၊ ပြည်သူလူထုကို မည်သို့ ဖြည့်ဆည်းပေးရမည် စသဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်၏ တာဝန်၊ ဝတ္တရားများကို အပြည့်အ၀ ထမ်းဆောင်ကြရန်နှင့် ပြည်သူကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များဖြစ်ကြောင်း သက်သေပြကြရန် အလေးအနက် မှာကြားလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထုထံ ပြန်လည်ရောက်ရှိသည့်အခါ ပြည်သူ့အသံနှင့် ပြည်သူများ၏ တင်ပြချက်များကို အလေးထား မှတ်သားနားထောင်ရန်၊ ပြည်သူနှင့် တစ်သားတည်း နေထိုင်ဆောင်ရွက်ကြရန်၊ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းခြင်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ကြရန်၊ ပြည်ထောင်စု၏ ထောက်ပံ့ငွေ ကျပ်သိန်းတစ်ထောင်ဖြင့် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြီးစီးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရာတွင်လည်း ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိတု့ိ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်းတွင် ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ထည့်သွင်း မှာကြားခဲ့သည်။