စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် အတွင်းရှိ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်ကို အောက်တိုဘာ ၃ ရက်မှ စတင်ပိတ်ထားခဲ့ပြီး အောက်တိုဘာ ၇ ရက်က ပြန်လည် ဖွင့်လှစ်ခဲ့သည်ဟု သတင်းရရှိသည်။တမူးမြို့ နန်းဖာလုံဈေးဥက္ကဋ္ဌ ဦးသိန်းအေးက “ဒီကနေ့ ဂိတ်ဖွင့်လိုက်ပါပြီ။ နယ်စပ် အမှတ် (၂) ဂိတ်ဖွင့်တာပေါ့။ ဈေးအရောင်းအဝယ်တော့ ပုံမှန်လေး ဖြစ်သွားပါပြီ။ အခုတော့ အေးအေးချမ်းချမ်းပါပဲ” ဟု ပြောကြားသည်။အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေးကို စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ နယ်စပ်ကုန်သွယ်ရေးနှင့် ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ နယ်စပ်ကုန်သွယ်ရေးဟူ၍ နှစ်နေရာတွင် တရားဝင်ပြုလုပ်လျက် ရှိသည်။ တမူးမြို့နယ် စပ်ကုန်သွယ်ရေးတွင် အမှတ် (၁) ဂိတ်နှင့် အမှတ် (၂) ဂိတ် နှစ်နေရာရှိပြီး အမှတ် (၂) ဂိတ်မှာ နန်းဖာလုံဈေးပေါက်နှင့် တည့်တည့်တွင် ရှိသည်။ နန်းဖာလုံဈေးသည် အရောင်းအဝယ်ရှိသည့် ကာလအတွင်းတွင် တစ်ရက်လျှင် ရူပီးသိန်း ၃၀၀ မှ သိန်း ၁၀၀၀ ကြားတွင် အရောင်းအဝယ် ဖြစ်လေ့ရှိသည်ဟု ခန့်မှန်းကြပြီး ယနေ့ ငွေလဲနှုန်းမှာ တစ်ရူပီးလျှင် ၁၈ ကျပ် ဝန်းကျင်ခန့် ရှိသည်ဟု သိရသည်။“ဂိတ်ကတော့ ဒီနေ့ ပြန်ဖွင့်သွားတော့ အခြေအနေကတော့ ကောင်းသွားပါပြီ။ အရောင်းအဝယ်ကတော့ ၁၀ လပိုင်းကနေ နောင်နှစ်တစ်လပိုင်းအထိ ဒီဈေးမှာက အရောင်းအဝယ်စပြီး ကောင်းတော့တာပဲ။ အခုအချိန်က အရောင်းအဝယ်ကောင်းတဲ့ ကာလပေါ့။ ဈေးသမားတွေက ဂိတ်ကို ဖွင့်လိုက်တော့ သဘောကျတာပေါ့။ အရောင်းအဝယ်ကောင်းတဲ့ ကာလဆိုတော့ ဖွင့်စေချင်တာပေါ့။ ရာသီနဲ့ ရောင်းနေရတာကိုး။ အခု ၁၁ ရက်ဆိုရင် ရေမျှောပွဲရှိတယ်။ နောက်ဆိုရင်လည်း ပွဲတွေ ရှိတယ်။ ပစ္စည်းဆွဲနေတဲ့ အနေအထားလေ။ အခုအချိန်က အရောင်းအဝယ်ဖြစ်တဲ့ အချိန်ပေါ့။ အခုတော့ ပစ္စည်းတွေ အားလုံးအမှတ် (၂) ဂိတ်ကနေ အဆင်ပြေပြေ သွားနေကြပါပြီ။ ဈေးသည်တွေကတော့ နယ်စပ်ဂိတ် မပိတ်စေချင်ပါဘူး။ အရောင်းအဝယ် ကောင်းတဲ့ကာလမှာ ပိတ်တယ်ဆိုရင် တစ်ရက်ဆို တစ်ရက် ဈေးသည်တွေ တော်တော် နစ်နာတာပေါ့။ ဒီမှာက ကုန်ခြောက်သမားတွေ ရှိသလို ကုန်စိုသမား သီးနှံသမားတွေဆိုရင် ပိတ်လိုက်ရင် ခက်ခဲပါတယ်။ ပွဲအတွင်းသုံးတဲ့ ပစ္စည်းတွေ ရောင်းတဲ့သူဆိုရင် ပွဲကာလကျော်သွားရင် မရောင်းရတော့ဘဲ ဂိုဒေါင်ထဲမှာ တစ်နှစ်လုံး ပြန်သိမ်းရမယ်လေ။ နယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာ တွေကတော့ နဂိုကလည်း ဖြစ်နေတာပဲ နောင်လည်း ဖြစ်နေဦးမှာပဲလေ။ အဲဒီအတွက်နဲ့ ဈေးပိတ်တာကိုတော့ ကျွန်တော်တို့ ဈေးသမားတွေက သိပ်သဘောမကျပါဘူး” ဟု နန်းဖာလုံဈေးသည် တစ်ဦးက ပြောကြားသည်။
ငါးရက်ကြာ ပိတ်ထားခဲ့သော တမူးမြို့မှ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်
Most Read
Most Recent
16 hours ago









