ဟေတီတွင် လူ ၃၀၀ ကျော် သေဆုံးစေခဲ့ပြီးနောက် ဟာရီကိန်းမက်သရူး အမေရိကန်နိုင်ငံ ဖလော်ရီဒါသို့ နီးကပ်လာ

ဟေတီတွင် လူ ၃၀၀ ကျော် သေဆုံးစေခဲ့ပြီးနောက် ဟာရီကိန်းမက်သရူး အမေရိကန်နိုင်ငံ ဖလော်ရီဒါသို့ နီးကပ်လာ
Published 7 October 2016

ဟာရီကိန်း မက်သရူးသည် ကာရစ်ဘီယံသို့ ဖြတ်သန်းဝင်ရောက်ခဲ့ပြီး လူ ၃၀၀ ကျော်ကို သေဆုံးစေခဲ့ပြီးနောက် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အနီးသို့ အောက်တိုဘာ ၇ ရက်တွင် နီးကပ်လာနေကြောင်း သိရသည်။ ဟာရီကိန်းမက်သရူးသည် တစ်နာရီ လေတိုက်နှုန်း အနည်းငယ် ကျဆင်းခဲ့စဉ် အမျိုးသားဟာရီကိန်းစင်တာက အောက်တိုဘာ ၇ ရက်အစောပိုင်းတွင် မက်သယူးကို Category 3 သို့ လျှော့ချခဲ့သည်။ သို့သော် ဖလော်ရီဒါသည် မှတ်မိသရွေ့ ကာလအတွင်း အန္တရာယ်အကြီးဆုံး ဟာရီကိန်းဝင်ရောက်မှုကို ကြုံတွေ့ရနိုင်ဆဲဖြစ်သည်။
ဟာရီကိန်းမက်သရူးသည် အောက်တိုဘာ ၇ ရက် အစောပိုင်းတွင် ဖလော်ရီဒါ ကမ်းရိုးတန်းကို ဝင်ရောက်မည်ဟု ယူဆရသော်လည်း တိုက်ရိုက်ဝင်ရောက်မည် သို့မဟုတ် အဖျားခတ်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဟာရီကိန်း မက်သရူးသည် ဖလော်ရီဒါပြည်နယ်၊ ဘိုကာရာတန်ရှိ ကမ်းရိုးတန်း တစ်လျှောက်မှ တောင်ကာရိုလိုင်းနားပြည်နယ်၊ ချားစတန်မြောက်ဘက်အထိ မိုင်ပေါင်း ၆၀၀ (၉၆၅ ကီလိုမီတာ) လမ်းကြောင်းအတွင်း ဖြတ်သန်းတိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။
ယင်းကဲ့သို့ အင်အားပြင်းထန်သော ဟာရီကိန်း လက်တစ်ဆုပ်စာသည်သာ ဖလော်ရီဒါသို့ ဝင်ရောက်ခဲ့ဖူးပြီး ၁၈၉၈ ခုနှစ်နောက်ပိုင်း မည်သည့်ဟာရီကိန်းကမျှ မြောက်ဘက်ရှိ မြေနိမ့်ပိုင်းနှင့် လူဦးရေထူထပ်သော ကမ်းရိုးတန်းတစ်လျှောက် ဖြတ်သန်းပြီး ဂျော်ဂျီယာနှင့် ယင်းကိုကျော်လွန်၍ ဝင်ရောက်ခဲ့ဖူးခြင်း မရှိခဲ့ပေ။ ယင်းမုန်တိုင်း လမ်းကြောင်းတစ်လျှောက် ဂျက်ဆင်ဗီး၊ ဖလော်ရီဒါနှင့် ဆာဗန်နား၊ ဂျော်ဂျီယာတို့ကဲ့သို့ မြို့ကြီးများ တည်ရှိပြီး ဒေသခံ သုံးသန်းခန့်ကို လွှမ်းခြုံသော ဒေသများတွင် အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဖလော်ရီဒါ၊ ဂျော်ဂျီယာနှင့် တောင်ကာရိုလိုင်းနားတို့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဗဟိုအစိုးရက အကူအညီပေးမည်ဟု ကတိပြုခဲ့သည်။ ဟာရီကိန်း မက်သရူးသည် ဟေတီ၊ ဂျမေကာ၊ ကျူးဘား၊ ဒိုမီနီကန် သမ္မတနိုင်ငံ၊ ဘဟားမားတို့ကို ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
ဆင်းရဲနိမ့်ကျပြီး သဘာဝဘေးအန္တရာယ် ရင်ဆိုင်ရာတွင် အားနည်းသော ဟေတီသည် ဟာရီကိန်းမက်သရူး ဝင်ရောက်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် နှစ်ပိုင်းကွဲထွက်သလိုဖြစ်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရသော တောင်ပိုင်းသို့ ဦးတည်သည့် လမ်းကြောင်းများသည် ရေလွှမ်းမိုးကြောင့် အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်သည်။ ဟာရီကိန်း မက်သရူးကြောင့် ဟေတီတွင် လူ ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း တောင်ပိုင်းမှ လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။
ဟေတီ အိမ်နီးချင်းဖြစ်သော ဒိုမီနီကန်တွင် ကလေးသုံးဦး အပါအဝင် လူလေးဦးထက်မနည်း သေဆုံးခဲ့ရပြီး လူနေအိမ် ၃၀၀၀ ပျက်စီးခဲ့ကာ လူပေါင်း ၃၆၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
Ref: AFP

Most Read

Most Recent