မောရိသျှတွင် တွေ့ရှိသည့် တောင်ပံ အပျက်အစီး အစိတ်အပိုင်းသည် MH370 မှ ဖြစ်သည်ဟု သြစတြေးလျ အာဏာပိုင်များ ပြောကြား

မောရိသျှတွင် တွေ့ရှိသည့် တောင်ပံ အပျက်အစီး အစိတ်အပိုင်းသည် MH370 မှ ဖြစ်သည်ဟု သြစတြေးလျ အာဏာပိုင်များ ပြောကြား
မလေးရှားလေယာဉ် MH 370 မှ တောင်ပံအပျက်အစီး အစိတ်အပိုင်း တစ်ခု၏ ပေါင်းစပ်ထားသော ဓာတ်ပုံကို ထုတ်ပြန်ပေးခဲ့စဉ် (Photo: AFP)
မလေးရှားလေယာဉ် MH 370 မှ တောင်ပံအပျက်အစီး အစိတ်အပိုင်း တစ်ခု၏ ပေါင်းစပ်ထားသော ဓာတ်ပုံကို ထုတ်ပြန်ပေးခဲ့စဉ် (Photo: AFP)
Published 7 October 2016

မောရိသျှတွင် တွေ့ရှိခဲ့သည့် တောင်ပံ အပျက်အစီး အစိတ်အပိုင်းသည် MH370 လေယာဉ်မှဖြစ်ကြောင်း သြစတြေးလျ အာဏာပိုင်များက အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ၎င်းတို့က ယခု တွေ့ရှိချက်သည် ပျောက်ဆုံးသွားသော ခရီးသည်လေယာဉ်၏ တည်ရှိရာ နေရာ အတိအကျနှင့် ပတ်သက်၍ အသိသစ်များကို ပေးနိုင်ခြင်း မရှိဟု သတိပေးခဲ့သည်။
မေလအတွင်းက ကျွန်းနိုင်ငံငယ်မှ တွေ့ရှိခဲ့သည့် အပျက်အစီး အပိုင်းအစသည် မလေးရှား လေကြောင်းလိုင်း လေယာဉ် MH370 နှင့် ဆက်နွှယ်နေသော အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်း ကမ်းရိုးတန်းတစ်လျှောက် တွေ့ရှိရသည့် နောက်ဆုံးအပိုင်းအစဖြစ်သည်။
ဘိုးအင်း ၇၇၇ အမျိုးအစား လေယာဉ်သည် ၂၀၁၄ ခုနှစ် မတ် ၈ ရက်တွင် ခရီးသည်နှင့် ဝန်ထမ်း ၂၃၉ ဦးကို တင်ဆောင်လျက် ကွာလာလမ်ပူမြို့မှ ပေကျင်းမြို့သို့ ထွက်ခွာလာစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးသူများက လေယာဉ် ပျက်ကျရာ နေရာဟု ယူဆသော အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းရှိ သြစတြေးလျ အနောက်ပိုင်း ကမ်းရိုးတန်းလွန်တွင် ရေအောက်ရှာဖွေမှုများ အကြီးအကျယ် ပြုလုပ်ခဲ့သော်လည်း လေယာဉ်နှင့် ပတ်သက်သော သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။
“တောင်ပံ အစိတ်အပိုင်းက ဘိုးအင်း ၇၇၇ ဘယ်ဘက်ပိုင်း အဖျားကပါ။ ကိုယ်ထည် အပြင်ဘက်က အချပ်ပါ။ 9 M-MRO (MH370) အဖြစ် မှတ်ပုံတင်ထားတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်ကပါ” ဟု လေယာဉ်ရှာဖွေရေးကို ဦးဆောင်ခဲ့သည့် အစိုးရအေဂျင်စီဖြစ်သော သြစတြေးလျ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေး ဗျူရို (ATSB) က အစီရင်ခံစာ တစ်ရပ်၌ ပြောကြားထားသည်။
“အပျက်အစီး အစိတ်အပိုင်း တစ်ခုပေါ်မှာ နံပါတ်တစ်ခုကို တွေ့ရှိပါတယ်။ သီးသန့်လုပ်ငန်း အမှာစာနံပါတ် ဖြစ်ပါတယ်။ MH 370 နဲ့ သက်ဆိုင်တဲ့ အချပ်ပြားထုတ်လုပ်တဲ့ ကုမ္ပဏီက ရိုက်ထားတဲ့ နံပါတ်ပါ” ဟုလည်း ATSB က ပြောကြားခဲ့သည်။
သြစတြေးလျ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒါရင်းချက်စတာက စုံစမ်းစစ်ဆေးသူများသည် MH 370 လေယာဉ်ကို ရှာဖွေ တွေ့ရှိလိမ့်မည်ဟု မျှော်လင့်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီအပျက်အစီး အပိုင်းအစကို တွေ့ရှိခြင်းက အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ရှာဖွေအားထုတ်မှုပြုဖို့ အဓိက အာရုံစိုက်ရမယ့် နေရာကို ဆက်ပြီး သတ်မှတ်ပေးပါတယ်။ ဒါပေမဲ့ ဒါက လေယာဉ်ရဲ့ တိကျတဲ့ နေရာကို ဆုံးဖြတ်ဖို့ အသုံးပြုနိုင်တဲ့ အချက်အလက်ကို ပေးတာမျိုးတော့ မဟုတ်ပါဘူး” ဟု ချက်စတာက ထုတ်ပြန်ချက် တစ်ရပ်၌ ပြောကြားထားသည်။
Ref: AFP

Most Read

Most Recent