နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အင်ဒိုနီးရှား သမ္မတ၏ အထူးကိုယ်စားလှယ် လာရောက်တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အင်ဒိုနီးရှား သမ္မတ၏ အထူးကိုယ်စားလှယ် လာရောက်တွေ့ဆုံ
Published 6 October 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ် နိုင်ငံပိုင် လုပ်ငန်းများ ဝန်ကြီးဌာန ဝန်ကြီး H.E. Rini Mariani Soemarno ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ယင်းသို့ တွေ့ဆုံရာတွင် အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပြုမှု အနေအထားများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး ထုတ်ကုန်များအား အဆင့်မြှင့်တင်ရေးဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ လည်းကောင်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အင်ဒိုနီးရှားနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ် နိုင်ငံပိုင် လုပ်ငန်းများ ဝန်ကြီးဌာန ဝန်ကြီး H.E. Rini Mariani Soemarno အနေဖြင့် ၎င်းတို့နိုင်ငံတွင် ကြုံတွေ့ခဲ့သည့် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သည့် အတွေ့အကြုံများကို မျှဝေခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။“အဓိကကတော့ သူတို့က စီးပွားရေးနဲ့ ဆိုင်တဲ့ဟာပါပဲ။ နိုင်ငံတော်ပိုင်တဲ့ စီးပွားရေး လုပ်ငန်းအတွက် တာဝန်ရှိတဲ့ ဝန်ကြီးဖြစ်တဲ့အတွက် သူတို့ဆီမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေတဲ့ သဘောပါ။ အဲဒီလို သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေတဲ့ အခါမှာ ဘာပဲပြောပြော ကောင်းတာလေးတွေကို ရွေးယူမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်တဲ့အခါကျရင် သူများတွေ လှမ်းတဲ့အခါမှာ ကျွန်တော်တို့က ပိုပိုပြီးတော့ သွက်သွက်လက်လက် လုပ်နိုင်အောင်လို့ သူတို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို မျှပေးချင်တဲ့ဆန္ဒ ရှိတဲ့ သဘောပါ။ တကယ်မျှဝေမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အချင်းချင်း အသေးစိတ် ညှိနှိုင်းရမှာပါ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။ဆက်လက်ပြီး အင်ဒိုနီးရှားနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်းလည်း ဦးကျော်ဇေယျက ပြောကြားသည်။