အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပွဲတော်

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပွဲတော်
Published 2 October 2016
စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲပြီးရင် ဒုတိယ အစည်ကားဆုံး ပွဲတော်လို့ ပြောလို့ရတဲ့ ပျော်ရွှင်စရာ ပွဲတော်တစ်ခုရှိပါတယ်။ အဲဒီပွဲတော်ရောက်ဖို့ အတွက် ရှမ်းပြည်နယ်တောင်ပိုင်း သားတွေက ရင်ခုန်စောင့်စား မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ အဲဒီပွဲကတော့ ထင်ရှားကျော်ကြား နာမည်သတင်းကြီးတဲ့ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ ပွဲတော်ပဲဖြစ်ပါတယ်။
ဖောင်တော်ဦးဘုရားပွဲ ရောက်ပြီဆိုရင်ဖြင့် တောင်ကြီးကနေသွားတဲ့ လမ်းတစ်လျှောက်မှာ ယာဉ်များဖြင့် ပိတ်ကျပ်နေလေ့ရှိပြီး များသောအားဖြင့် ညဘက်အထိ လမ်းများမှာ လူစည်ကားနေလေ့ရှိပါတယ်။
 
■ တည်နေရာ
တောင်ကြီးကနေ သွားမယ်ဆိုရင်တော့ တောင်ကြီး- အောင်သပြေ-ရွှေညောင် လမ်းခွဲကနေ ညောင်ရွှေကိုတစ်ဆင့် သွားလို့ရပါတယ်။ ဒါပေမဲ့ ခရီးလမ်း ပိုရှည်ပါတယ်။ ရွှေညောင်ကနေ ညောင်ရွှေကို ခုနစ်မိုင် ဝေးပြီးတော့ လမ်းကလည်း ကျဉ်းပါတယ်။ ပွဲ တော်ရက် ပိုဆိုးပါတယ်။
တောင်ကြီးကနေ အေးသာယာ စက်မှုဇုန် လမ်းခွဲကတစ်ဆင့် ညောင်ရွှေမြို့ကို သွားတာဟာ ပိုပြီးတော့နီးပါတယ်။ မိုင် ၂၀ လောက်ပဲ ဝေးတဲ့အတွက် တစ်ဝက်လောက် သက်သာပါတယ်။ ညောင်ရွှေမီးပွိုင့်လမ်းခွဲ ကနေမှတစ်ဆင့် အရှေ့ပတ်လမ်း၊ မိုင်းသောက် - နန်းပန်လမ်းအတိုင်း ၁၇ မိုင်မောင်းလိုက်ရင် နန်းပန်ကို ရောက်ပါတယ်။ နန်းပန်လှေဆိပ်ကနေ ဘုရားကို စက်လှေနဲ့စီးရင် နာရီဝက် မပြည့်တော့ပါဘူး။ ဒါက အလွယ်ဆုံးနဲ့ အတိုဆုံးသောသွားတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

 
■ ပွဲတော်ရဲ့ သမိုင်း
အင်းလေး ဖောင်တော်ဦးဘုရားကို ရှေးနှစ်ပေါင်း များစွာကပင် ယခုလိုပဲ လှေများနဲ့ အင်းလေးရှိ ကျေးရွာများကို လှည့်လည်ပြီးတော့ ဒေသစာရီ ကြွချီတော်မူခဲ့ကြောင်း သိရသည်။ အင်းလေးကန်ဟာ ပုဂံခေတ်က အလောင်းစည်သူ မင်းတရားကြီးလက်ထက်တွင် ဘုရားကိုတည်ထား ကိုးကွယ်စောင့်ရှောက်စေရန် ထားဝယ်သား ငထောင်နှင့် ငနောင်ကို ချန်ထားခဲ့ရာကနေ သူတို့နှစ်ဦးက ထားဝယ်ဘက်က အဆွေအမျိုးတွေ ပြန်ခေါ်ရင်းနဲ့ အင်းလေးကန်မှာ အင်းသားတွေ စတင် နေထိုင်ရတယ်လို့ ကြားဖူးပါတယ်။ အင်းလေးအင်း ကန်လေးကန်တောင်တွေ ပတ်ချာလည် ဝိုင်းရံထားတဲ့အတွက် အင်းလေးအင်း၊ ကန်လေးကန်ကို အစွဲပြုပြီး အင်းလေးကန်ဟု အမည်တွင်လာကြောင်း သိရပါတယ်။
တကယ် သမိုင်းပညာရှင်တွေ ပြောတဲ့ သမိုင်းကြောင်းအမှန်နှင့် ရပ်ပြောရွာပြော ရာဇဝင်ဟူ၍ နှစ်မျိုး ကွဲပြားနေပြီး သမိုင်းကြောင်းအမှန်ကို လူအများက လက်ခံချင်လေ့မရှိဘဲ ရွာပြောရပ်ပြောများသာ ရှိတဲ့ ရာဇဝင်များလည်း ရှိကြပါတယ်။ အင်းလေးကန်မှာ ထားဝယ်သားဆိုတဲ့နေရာမှာ ရွှေနန်းတော်ကြီးမှာ ဘယ်ဆောင်နဲ့ ညာဆောင်မှာ ထားဝယ်ဆောင်ဆိုပြီး တစ်ဆောင်တည်ရှိတာဖြစ်တဲ့အတွက် ထားဝယ်ဆိုတာ ရှေးကျတဲ့လူမျိုးဆိုတာ သိနိုင်ပါတယ်။ အင်းလေးကန်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ရှေးမြို့ဟောင်းများစွာ တည်ရှိခဲ့ပြီးမှ ပျက်စီးသွားတဲ့ မြို့တွေလည်း  အများကြီး ရှိတာဖြစ်တယ်။ အင်းလေးကန်ဟာ ပျူနှင့် ခေတ်ပြိုင် ထွန်းကားခဲ့သော မြို့တော်ကြီးတစ်ခုအဖြစ် အကြမ်းဖျင်း မျှပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်းလေးကန်တစ်ဝိုက် ပတ်ပတ်လည်မှာ ရှေးခေတ်ပျူနှင့် တကောင်းတို့ရဲ့လက်ရာ ရှေးပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်း၊ ပေပုရပိုက်စာများ၊ ဘုရားစေတီပုထိုး အထောက်အထားနှင့် မြို့ဟောင်း မြို့ရိုးများကို ကြည့်ခြင်းဖြင့်လည်း ခန့်မှန်းနိုင်တာဖြစ်ပါတယ်။ အင်းလေးကန် ဖောင်တော်ဦးဘုရား စေတီကြောင့်သာ အင်းလေးကန်ကြီးတွင် လူနေထိုင်မှု ရှိလာလို့ ပြောဆိုနိုင်တာ သေချာတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
 
■ ပွဲတော် အစီအစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံပွဲတော်ကို အောက်တိုဘာ ၂ ရက်၊ သီတင်းကျွတ်လဆန်း ၁ ရက်မှ လဆုတ် ၃ ရက်အထိ ၁၈ ရက်တိုင်တိုင် အပူဇော်ခံ လှည့်လည်သွားမည် ဖြစ်ကြောင်း ဖောင်တော်ဦး ဘုရားဂါပကထံမှ သတင်းရရှိပါသည်။
ဖောင်တော်ဦး ဘုရားရတနာစံကျောင်းတော်ကြီးမှ ၂-၁၀-၁၅ ရက် သီတင်းကျွတ် လဆန်း ၁ ရက် မနက် ၇ နာရီအချိန်တွင် စတင် ထွက်ခွာမည်ဖြစ်ကာမှ လဆုတ် ၃ ရက်နေ့အထိ ကျေးရွာပေါင်း ၂၁ ဌာနတွင် စံမြန်း သီတင်းသုံးသွားမည်ဖြစ်ကာ ရက်ပေါင်း ၁၈ ရက် ကြာမြင့်မည်ဖြစ်ပြီး သီတင်းကျွတ်လဆုတ် ၃ ရက်တွင် ကျောင်းတော်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ဖောင်တော်ဦးဘုရားကို ကျောင်းတော်ပေါ်တွင် တင်ယူပင့်ဆောင်ကြပြီး၊ ရှေ့မှ ဘုရားကြိုဆွဲလှေ  ၁၅ စင်းခန့်ဆွဲစေပြီး၊ အနောက်တွင် ဓမ္မစကြာ ရွတ်ဆိုသော အဖွဲ့ လှေ ၁၅ စင်းခန့်လိုက်ပါကာ ဒေသစာရီကြွချီ ခြင်းလည်းဖြစ်သည်။ ဘုရားလေးဆူကိုသာ ပင့်ဆောင်ပြီး ရဟန္တာတစ်ဆူကို ပင့်ဆောင်ခြင်းမရှိကြောင်း ဘုရားဂေါပက ဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောကြားသည်။
အင်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ပွဲတော်တစ်ခုဖြစ်သော လှေလှော်ပြိုင်ပွဲကိုလည်း ကျောင်းတော်ဝင်ပွဲမတိုင်ခင် နှစ်ရက် အလို စတင်ကျင်းပမည်ဖြစ်ပြီး၊ ကျောင်းတော်ဝင်မည့်နေ့ လဆုတ် ၃ ရက်တွင် ဗိုလ်လုပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ တက်လှေပြိုင်ပွဲတွင် လူ ၁၀၀ လှော်ခြင်း၊ ၄၆ ဦးလှော်ခြင်း၊ အမျိုးသမီး ၂၆ ဦး လှော်ခြင်း၊ တစ်ဦးချင်းအလိုက် တက်လှေပြိုင်ပွဲများကို ရိုးရာမပျက် ယခုနှစ်တွင်လည်း ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ လူ ၁၀၀ ကျော် လှော်ခတ်ရသော တက်လှေအဖွဲ့များမှာ ကျေးရွာအုပ်စုအလိုက် ကေလာ၊ ရွာကြီးရှေ့၊ ရွာကြီးမြောက်၊ အိုး ကုန်း၊ ရွှေပြည်သား၊ ကြာတော၊ ဇရပ်ကြီး၊ ရေတန်းဟူ၍ ရှစ်ဖွဲ့ရှိပြီး၊ တက်လှေ ၄၆ ဦး အဖွဲ့တွင် ကျေးရွာအုပ်စုအလိုက် ကေလာ၊ ဇရပ်ကြီး၊ ရေသာကုန်း၊ အိမ်ထောင့်ကြီးဟူ၍ လေးဖွဲ့၊ အမျိုးသမီးနှစ်ဖွဲ့၊ တစ်ဦးချင်းလေးဖွဲ့ ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ထူးခြားစွာ Iron Cross တေးဂီတအဖွဲ့မှလည်း ကျောင်းတော်ဝင်ပွဲ မတိုင်ခင်မှစတင်ကာ သုံးရက်တိုင်တိုင် တေးသီချင်းများဖြင့် ဖျော်ဖြေသွားမည် ဖြစ်သောကြောင့် ယခုနှစ်တွင် လူပိုမို စည်ကားမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။
“ဘုရားကြွချီတော်မူမည့် ရက်တွေဆိုရင် အလိုလိုမိုးတွေ ရွာလာတယ်။ သွားရေးလာရေး ကောင်းမွန်အောင် အင်းလေးကန်ကို ရေဖြည့်ပေးတာပါ။ ဘုရားရဲ့ တန်ခိုးတော်ကြောင့် ခုလိုဖြစ်တာပါ။ နှစ်စဉ်နှစ်တိုင်း ဒီလိုပဲ။ အခုနှစ်ဆိုရင် ရေသုံးပေလောက်နီးနီး ပြန်တက်လာတာကို တွေ့ရတယ်။ ကျောင်းတော်ဝင်ပြီး နောက်ပိုင်းတော့ သူ့အလိုလို တဖြည်းဖြည်း ပြန်ကျသွားတာပေါ့။ ဒီနှစ်ကတော့ အင်မတန် စည်ကားမည့်နှစ်လို့ ထင်လို ပါတယ်။ ဘာလို့လဲဆိုတော့ လေးဖြူတို့ကလည်း သုံးရက်တိုင်တိုင် သီဆိုဖျော်ဖြေဦးမယ်ဆိုတော့ ရပ်နီးရပ်ဝေး ၊ ပြည်တွင်းပြည်ပ ခရီးသွားတွေ ဒီမှာအများကြီး ပြည့်နှက်နေတယ်။ လှေတွေဆိုရင် သွားစရာနေရာမရှိဘူး။ ကားတွေဆိုရင် လမ်းပေါ်မှာ ညောင်ရွှေလမ်းအထိ အပြည့်ပဲ။ ကျောင်းတော်ဝင်ပွဲနေ့ဆိုရင် ပိုပြီးတော့ စည်ကားတယ်။ ကြက်ပျံမကျ စည်ကားတဲ့ပွဲတော်တစ်ခုလည်း ဖြစ်တယ်” ဟု ဖောင်တော်ဦးဘုရား ဂေါပကဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောကြားသည်။
ဖောင်တော်ဦးဘုရားဒေသစာရီ ကြွချီတော်မူသည့် ကျေးရွာတစ်လျှောက်တွင် ပွဲများ စည်ကားနေပြီး၊ ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များ လာရောက်ဖူးမြော်ကြသဖြင့် မော်တော်ယာဉ်များ၊ စက်လှေများဖြင့် နှစ်စဉ်နှစ်တိုင်း ပြည့်ကျပ်နေလေ့ရှိပြီး လူဦးရေ သိန်းပေါင်းများစွာ လာရောက်ကြသောပွဲလည်း ဖြစ်သည်။
ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော်တွင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်နှင့် ညွှန်ကြားချက်ရှစ်ချက် ထုတ်ထားပြီး၊ လုံခြုံရေးကို အထူးဂရုစိုက် စောင့်ရှောက်သွားကြရန်၊ ကန်တွင်းသို့ အမှိုက်နှင့် ပလတ်စတစ်များ မစွန့်ပစ်ရန်၊ ဌာနတိုင်းတွင် ဘုရားကြိုဆွဲလှေ၊ လှေသားများသည် မိမိတို့ တိုင်းရင်းသားဝတ်စုံများကို အားလုံး တူညီဝတ်စုံအဖြစ် ဝတ်ဆင်ကြရန် စသဖြင့် ရှစ်ချက်ပါရှိကြောင်း သိရသည်။
 
■ ရက်အလိုက် သီတင်းသုံးမည့်နေရာနှင့် ကျောင်းများ
အောက်တိုဘာ ၂ ရက်တွင် ဖောင်တော် ဦးကျောင်းတော်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး အင်းပေါခုံကျောင်း၊ ညကျိန်း၊ ၃ ရက်တွင် ကြေးပေါခုံကျောင်း နံနက် ၈ နာရီခွဲ ထွက်ခွာ အင်းတိန်စံကျောင်းတွင် နေ့ဆွမ်းကပ်လှူပါ တယ်။ ထိုမှ ဟဲယာရွာမ စံကျောင်းမှ နှစ်ရက်တာ ညကျိန်းပါတယ်။ ၅ ရက်နေ့ နံနက်မှာ စတင်ထွက်ခွာပြီး ငါးဖယ်ချောင်း ညကျိန်း၊ ၆ ရက် ကြေးစားကျောင်း ညကျိန်း၊ ၇ ရက် ပွဲစားကုန်းကျောင်း နေ့ဆွမ်း၊ လင်းကင်းကျောင်း ညကျိန်းပါတယ်။ ၈ ရက်မှ စတင်ကာ ညောင်ရွှေမြို့ကျောင်းတော်တွင် သုံးရက်တာ အပူဇော်ခံ ထားရှိမည်ဖြစ်ပြီး ညောင်ရွှေဘုရားပွဲတော် ကျင်းပပါတယ်။ ၁၁ ရက် နန်းသဲ ကျောင်းနေ့ဆွမ်း၊ မိုင်းသောက်ကျောင်း ည ကျိန်းပါတယ်။ ၁၂ ရက် သလဲဦးကျောင်း ည ကျိန်း၊ ၁၃ ရက် ကေလာကျောင်း နေ့ဆွမ်း၊ ဇရပ်ကြီးကျောင်း ညကျိန်းပါတယ်။ ၁၄ ရက် အလိုတော်ပေါက်ကျောင်း နေ့ဆွမ်းဆက်ကပ်ပြီး နမ့်ပန်ကျောင်း ညကျိန်းပါတယ်။ ၁၅ ရက် မန်ကျည်းဆိပ်ကျောင်း နေ့ဆွမ်းနဲ့ ကျိုင်းခမ်းကျောင်း ညကျိန်းပါတယ်။ ၁၆ ရက် မိုင်းပျိုးကျောင်း၊ ၁၇ ရက် နောင်တောကျောင်း ညကျိန်းပါတယ်။ ၁၈ ရက်မှာ အင်းပေါခုံ နေ့ဆွမ်းဖြစ်ပြီး၊ ရေသာကျောင်း ညကျိန်းကာ ၁၉ ရက် နံနက် ၈ နာရီအချိန်တွင် ရေသာကျောင်းမှထွက်ခွာပြီး ဖောင်တော်ဦး ရတနာစံကျောင်းတော်ထံကို ညကျိန်းမှာဖြစ်ပါတယ်။
နောက်ဆုံးနေ့ သီတင်းကျွတ်လဆုတ် ၃ ရက် (အင်္ဂလိပ် ၁၈ ရက်နေ့)ဟာ ကျောင်းတော်ဝင်ပွဲအဖြစ် အထူးထင်ရှားပြီး၊ အင်မတန်မှ စည်ကားလွန်းတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ အဲဒီနေ့မှာဆိုရင် ညောင်ရွှေလမ်းတစ်လျှောက် ကားများယာဉ်များဖြင့် ပိတ်ကျပ်နေပြီး၊ အင်းလေးရေပြင်ပေါ်မှာလည်း စက်လှေများ ခရီးသွားဧည့်သည်များဖြင့် အထူးစည်ကား ပိတ်ကျပ်နေတာလည်း ဖြစ်ပါတယ်။ အဲဒီနေ့မတိုင်ခင် နှစ်ရက်လောက်ထဲမှာ IC Show ပွဲများဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး၊ ရိုးရာမပျက် လှေပြိုင်ပွဲများကိုလည်း ကျင်းပသွားမှာဖြစ်ပါတယ်။

■ ရိုးရာဓလေ့များ
လှေပြိုင်ပွဲမှာ အမျိုးအစား လေးမျိုးခွဲခြားပြီး ပြိုင်ပွဲဝင်ကြတာကို ရှမ်းပြည်နယ် တောင်ပိုင်းသာမက ကမ္ဘာအရပ်ရပ်က ဧည့်သည် ပရိသတ်အပေါင်းတို့ကလည်း အင်မတန်မှ နှစ်ခြိုက်ကြပါတယ်။ နောက်ပြီးတော့ လှေအလယ်မှာ အင်းသူမ အပျိုချောလေးများက ထိုင်ပြီးတော့ ဆွမ်းအုပ်ကို ကိုင်ဆောင်ကာ ဘေးမှာ အင်းသားများဝိုင်းရံပြီး လှေအလှပြ လှော်ခတ်ခြင်းကိုလည်း ရွာတိုင်းမှာ ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကတော့ အင်းသားတို့ရဲ့ ရိုးရာဓလေ့ လှေလှော်ခတ်ခြင်းအဖြစ် အမှတ်တရ မြင်ကွင်းလေးများပဲဖြစ်ပါတယ်။ တချို့ နိုင်ငံခြားသားများ တောင်းဆိုရင်လည်း အလှပြ လှေလှော်ခတ်ခြင်းကို ပြုလုပ်လေ့ ရှိတတ်ကြပါတယ်။
အင်းသားတို့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ထုံးစံ ရှင်ပြုအလှူ လှည့်လည်ရာတွင်လည်း လှေများဖြင့်သာ ရေပေါ်တွင် လှည့်လည်သွားလာကြခြင်း ဖြစ်ပါတယ်။ ကုန်းပေါ်မှာ မောင်ရင်လောင်းလှည့်လည်တဲ့ အခမ်းအနားအတိုင်းပဲ ရေပေါ်မှာစီတန်းပြီး လှည့်လည်သွားလာကြတဲ့ မြင်ကွင်းဟာဖြင့် လွမ်းမောစရာ၊ ပီတိ ဖြစ်စရာလည်း ကောင်းလှပါတယ်။
မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ အင်းလေးကဲ့သို့ ခြေထောက်ဖြင့် လှေလှော်ခတ်ခြင်း အတတ်ပညာကို ဘယ်သူမှမတတ်ကြပါဘူး။ ဒါ့အပြင် ခြေထောက်နဲ့ လှေလှော်ခြင်း၊ ခြေထောက်နဲ့လှေခတ်ပြီး တက်လှေပြိုင်ပွဲဝင်ခြင်းဆိုတဲ့ အချက်တွေက နိုင်ငံခြားသားတို့ရဲ့ စိတ်နှလုံးကို ညှို့ငင် ဆွဲဆောင်လွန်း လှပါတယ်။
အင်းလေးကန်မှာတည်ရှိတဲ့ ရှေးဟောင်းအမွေအနှစ်များ၊ အင်းတိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့များကို ကြည့်ရှုလေ့လာချင်တယ်ဆိုရင်ဖြင့် အင်းလေးကန် ဖောင်တော်ဦးဘုရား ပွဲတော်အမီ လာရောက် လေ့လာကြည့်မယ်ဆိုရင်ဖြင့် အချိန်ကိုက် အလုံးစုံကို တွေ့မြင် ခံစား ရမည်ဖြစ်ပါကြောင်း လက်တို့ လိုက်ရပါတယ်။

Most Read

Most Recent