ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီး လက်ဆွဲအိတ် လုယက်ခံရပြီးနောက် မြစ်ကြီးနားတွင် လုံခြုံရေးတိုးမြှင့်

ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီး လက်ဆွဲအိတ် လုယက်ခံရပြီးနောက် မြစ်ကြီးနားတွင် လုံခြုံရေးတိုးမြှင့်
Published 30 September 2016
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ်လွှတ်တော်တရားသူကြီး လက်ဆွဲအိတ် လုယက်ခံရပြီးနောက်မြစ် ကြီးနားမြို့တွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်ပြုံးပြုံးအေးသည် စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ မိနစ်ခန့်က နေအိမ်မှ ကားဖြင့် ထွက်လာပြီး မြစ်ကြီးနားမြို့ မင်းရပ်ကွက် သခင်နက်ဖေ လမ်းယာဘက်ခြမ်း (ဘူတာကြီးရှေ့ လမ်းမကြီး) တွင် ကားရပ်၍ လမ်းတစ်ဖက်ခြမ်းရှိ မြတ်မွန်ဆေးဆိုင်သို့ ဆေးဝယ်ရန်အတွက် လမ်းဖြတ်ကူးရန် ပြုနေစဉ် ဘူတာကြီးဘက်မှ လူငယ်နှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်မှာ ဒေါ်ပြုံးပြုံးအေး အနားသို့ ကပ်မောင်းလာပြီး ဆိုင်ကယ်နောက်တွင် ထိုင်နေသူက အသားရောင်စပ် ကျားလက်ကိုင်ကွင်းပါ လက်ဆွဲအိတ်ကိုယ်ထည်တွင် ကျောက်ဖြူများ စီထားသော အနက်ရောင် သားရေလက်ကိုင်အိတ်အတွင်း လက်ဝက်ရတနာပစ္စည်းများ၊ ငွေစုစုပေါင်းတန်ဖိုး ကျပ် ၄၈၅၀၀၀၀ တန်ဖိုးကို လုယူသွားကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။ကချင်ပြည်နယ် ဒုရဲမှူးကြီး မျိုးသူရနောင်က “ဖြစ်တာက နေ့လယ်ပိုင်းပေါ့။ ဘူတာကြီးအရှေ့က လူစည်ကားတဲ့ လမ်းပေါ်မှာ ဖြစ်သွားတာ။ အရင်က လှည့်ကင်း၊ ရပ်ကင်းတွေရှိတယ်။ အခုနောက်ပိုင်းမှာ လုယက်မှုဖြစ်စဉ်တွေ များလာလို့ ဒီနေ့ စက်တင်ဘာ ၃၀ ရက်က စပြီးတော့ အဓိကကျတဲ့နေရာ ၁၅ နေရာမှာ လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းကို တိုးမြှင့်ပြီး ဆောင်ရွက်နေတာပါ။ လုယက်မှုနဲ့ ပတ်သက်ပြီး ဖမ်းမိတာ မရှိသေးပါဘူး။ တရားခံဖမ်းမိဖို့ ဆောင်ရွက်ဆဲပါ”  ဟု ပြောကြားသည်။စက်တင်ဘာ ၂၄ ရက်ကလည်း မြစ်ကြီးနားမြို့ စီတာပူ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းအနီးရှိ ဖုန်းဆိုင်တွင် လူငယ်သုံးဦးက ဖုန်းဝယ်ဟန်ဆောင်ကာ ဖုန်းနှစ်လုံး လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး အဆိုပါရပ်ကွက်မှ အမျိုးသမီးတစ်ဦးက “အခု လုနေတာ ဒီနားမှာ နှစ်ကြိမ်ရှိပြီ။ တစ်နေ့က စီတာပူ ဆွတ်ငိုင်တောင် ဒုက္ခသည်စခန်းနားက အမျိုးသမီးကြီးတစ်ဦးရဲ့ ရွှေဆွဲကြိုး ငါးကျပ်သားလောက်ကို လည်ပင်းကနေဆွဲဖြုတ်ပြေးတယ်။ ဆိုင်ကယ်နဲ့ပဲ။ ဒီနားက ဖုန်းဆိုင်လည်း ဖုန်းနှစ်လုံး လုသွားတယ်။ မူးယစ်ဆေးသုံးတဲ့ ပုံတွေလည်း ရှိတယ် ကလေးတွေက။ တိုင်လည်း မထိရောက်တော့လည်း ရဲတွေဘာတွေလည်း တိုင်မနေကြဘူး” ဟု ပြောကြားသည်။