သီတင်းကျွတ် ကာလအတွက် ဆီမီးခွက်များ မန္တလေးဈေးကွက်မှတစ်ဆင့် နယ်ဒေသ အသီးသီးသို့ အချိန်မီတင်ပို့ ရောင်းချနိုင်ရန် ကြိုတင် လုပ်ကိုင်လျက်ရှိ

သီတင်းကျွတ် ကာလအတွက် ဆီမီးခွက်များ မန္တလေးဈေးကွက်မှတစ်ဆင့် နယ်ဒေသ အသီးသီးသို့ အချိန်မီတင်ပို့ ရောင်းချနိုင်ရန် ကြိုတင် လုပ်ကိုင်လျက်ရှိ
Published 30 September 2016
အောင်သူ

မကြာမီ ကျရောက်တော့မည့် သီတင်းကျွတ်ပွဲတော် ကာလအတွက် ဆီမီးခွက်များကို မန္တလေးဈေးကွက်မှတစ်ဆင့် နယ်ဒေသ အသီးသီးသို့ အချိန်မီတင်ပို့ ရောင်းချနိုင်ရန် ဆီမီးခွက်ပြုလုပ်သည့် ကျေးရွာမှ ဒေသခံများ ကြိုတင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။သီတင်းကျွတ်-တန်ဆောင်တိုင်ပွဲတော် ကာလများတွင် အသုံးပြုသည့် ရိုးရာ ဆီမီးခွက်များကို မန္တလေးမြို့ အမရပူရမြို့နယ် တပ်ကြီးကျေးရွာရှိ ဒေသခံများက မိရိုးဖလာ လုပ်ငန်းတစ်ခုအဖြစ် လက်ဆင့်ကမ်း လုပ်ကိုင်ခဲ့ကြရင်း ယနေ့အချိန်ထိ နှစ်စဉ် သီတင်းကျွတ်ပွဲတော် မတိုင်မီ ရက်များမှ စတင်၍ ကြိုတင် လုပ်ကိုင်ဆောင်ရွက်ကြပြီး မန္တလေးဈေးကွက်မှတစ်ဆင့် နိုင်ငံအဝန်းရှိ နေရာဒေသ အသီးသီးသို့ တင်ပို့ရောင်းချလေ့ရှိကြောင်း သိရသည်။“တော်သလင်းလကနေ စပြီး ဆီမီးခွက်တွေ စလုပ်တယ်။ သီတင်းကျွတ် အထိပဲ။ ဒီကာလ ဆီမီးခွက်တွေ လုပ်ဖို့အတွက် ရွှံ့စေးမြေကို ရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ရွှေပေါ်ကျွန်းဘုရားအနီး အိုးလုပ်မြေကွက်မှာသွားပြီး မြေတူးထားရတယ်။ အဲ့ဒီနေရာကလည်း ဧရာဝတီမြစ်ရေကြီးရင် ရေဝင်တတ်တာကြောင့် ရေမဝင်ခင်ကတည်းက ဆီမီးခွက်လုပ်ဖို့ မြေကို ကြိုတူးထားရတာ။ အခုလို သီတင်းကျွတ်နားနီးရင်တော့ ဆီမီးခွက်ဈေးကွက် လှိုင်လာတဲ့အတွက် ရွာအနောက်ပိုင်းမှာရှိတဲ့ တစ်ရွာလုံးနီးပါး ဆီမီးခွက်ကိုပဲ အဓိကထားပြီး လုပ်ကြတယ်။ လုပ်ပြီးသား ဆီမီးခွက်တွေကို မန္တလေးကို တင်ပို့ပြီး မန္တဈေးကွက်ကနေတစ်ဆင့် တစ်နိုင်ငံလုံးမှာရှိတဲ့ နယ်ဒေသတွေကို ဖြန့်တယ်။ တချို့နယ်ကနေ တိုက်ရိုက်လာဝယ်တဲ့ ကုန်သည်လည်း ရှိတယ်” ဟု တပ်ကြီးကျေးရွာမှ ဆီမီးခွက်ပြုလုပ် ရောင်းချသူ ဦးခင်မောင်ဆန်းက ပြောကြားသည်။တပ်ကြီးကျေးရွာ၌ ဆီမီးခွက်ပြုလုပ်ရာတွင် ရိုးရာဆီမီးခွက် ပုံစံနှင့် ယခင်နှစ်ကမှ စတင်၍ ဈေးကွက်အတွင်း လူကြိုက်များလာသည့် နှစ်ထပ်ကြာပုံစံ ဆီမီးခွက်များကိုလည်း ပြုလုပ်ရောင်းချလေ့ရှိရာ ဆိုင်အရောက် ပို့နိုင်ပါက ရိုးရိုးဆီမီးခွက် အရေတွက် ၁၀၀၀ လျှင် ငွေကျပ် ၁၃၀၀၀ ရရှိပြီး ဆေးမသုတ်ရသေးသော နှစ်ထပ်ကြာ ဆီမီးခွက်ပါများကို ဖောက်သည်ဈေးဖြင့် တစ်ခွက်လျှင် ငွေကျပ် ၈၀ ရရှိကြောင်း သိရသည်။ဆီမီးခွက် ပြုလုပ်ရာတွင် အဓိက ကုန်ကြမ်းအဖြစ် ရွှံ့စေးနှင့် ကောက်ရိုးကို အသုံးပြုရပြီး ရွှံ့စေးမြေအတွက် ထော်လာဂျီ တစ်စီးလျှင် ငွေကျပ် ၇၀၀၀ ပေးဝယ်ရပြီး ကောက်လှိုင်းစည်း တစ်စည်းလျှင် ငွေကျပ် ၈၀ ဖြင့် ဝယ်ယူလုပ်ကိုင်ရကြောင်း၊ လူတစ်ဦးကို တစ်နေ့လျှင် ရိုးရိုးဆီမီးခွက် အရေအတွက် ၁၅၀၀-၂၀၀၀ ပြုလုပ်နိုင်ပြီး နှစ်ထပ်ကြာ ဆီမီးခွက် ပြုလုပ်ပါက လူတစ်ဦးကို တစ်နေ့လျှင် အခွက်အရေအတွက် ၃၀၀ ခန့်ပြုလုပ်နိုင်ကြောင်း သိရသည်။“ဒီရွာမှာရှိတဲ့ လူကြီး၊ လူငယ်၊ အမျိုးသမီးနဲ့ ကလေးတွေကအစ အလုပ်မရှားကြဘူး။ တစ်နှစ်ပတ်လုံး ရာသီအလိုက် ရွှံ့မြေထည်ဈေးကွက် ရှိနေတော့ မိန်းကလေးတွေဆိုရင် အပြင်ထွက် အလုပ်မလုပ်ရတော့ ဣန္ဒြေလည်း ရတယ်။ ကုန်ကြမ်း ဆိုတာကလည်း မရှားဘူး။ ရွှံ့မြေကလည်း ဘိုးဘွားတွေ လက်ထက်ကတည်းက ကျေးရွာပိုင်မြေလို ဖြစ်နေတော့ လုပ်အားခနဲ့ သယ်ယူစရိတ် ပေးရတာလောက်ပဲ ရှိတယ်။ အခုလို ဆီမီးခွက်ချိန်ဆို ဆီမီးခွက်လေးတွေ လုပ်ကြတယ်။ အိုးပုတ်ကတော့ ဆယ့်နှစ်ရာသီ လုပ်ကိုင်ကြတယ်”ဟု ဆီမီးခွက်ပြုလုပ်သူ တပ်ကြီးရွာမှ ဒေါ်ဝင်းမာဦးက ဆိုသည်။တပ်ကြီးကျေးရွာ၏ အရှေ့ခြမ်းတွင် နေထိုင်သူ အများစုသည် အမရပူရရိုးရာ ရက်ကန်းထည်များ လုပ်ကိုင်ကြပြီး အနောက်ဘက်ခြမ်းတွင် နေထိုင်သူများမှာ မြေထည် အသုံးအဆောင် ပစ္စည်းနှင့် ကလေးကစားစရာ မြေအိုးပုတ်များကို တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြပြီး တော်သလင်းမှ သီတင်းကျွတ်အထိ ဆီးမီးခွက်များ လုပ်ကိုင်ကြကြောင်း၊ ပြာသိုလမှ တပို့တွဲလအထိ မီးအိုးကင်း၊ တပေါင်းလမှ တန်ခူးလအထိ အတာသင်္ကြန်အိုးနှင့် ကြားရက်များတွင် စုဘူးအရွယ်အစားမျိုးစုံ အပါအဝင် ကလေးကစားစရာ အိုးပုတ်မျိုးစုံတို့ကို ပြုလုပ်ရောင်းချကြောင်း သိရသည်။ 

Most Read

Most Recent