ဒေါ်လာအတု ပြုလုပ်မှုဖြင့် ထောင်ဒဏ်နှစ်နှစ် ကျခံနေသည့် လိုက်ဘေးရီးယားနိုင်ငံသားအား ဒဂုံမြို့နယ် တရားရုံးက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် ထပ်မံချမှတ်

ဒေါ်လာအတု ပြုလုပ်မှုဖြင့် ထောင်ဒဏ်နှစ်နှစ် ကျခံနေသည့် လိုက်ဘေးရီးယားနိုင်ငံသားအား ဒဂုံမြို့နယ် တရားရုံးက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် ထပ်မံချမှတ်
Published 30 September 2016
ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခု၌ ဒေါ်လာအတု ပြုလုပ်မှုဖြင့် ဖမ်းဆီးတရားစွဲခံရပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည့် လိုက်ဘေးရီးယား နိုင်ငံသား Mr.RAYMOND SAMCHO ကို စက်တင်ဘာ ၃၀ ရက်တွင် ဒဂုံမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။ထိုနေ့ ရုံးချိန်းတွင် လိုက်ဘေးရီးယား နိုင်ငံသား Mr.RAYMOND SAMCHO အား ပြစ်မှုထင်ရှားသောကြောင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် ဒဂုံမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။အဆိုပါ လိုက်ဘေးရီးယားနိုင်ငံသားအား ဒေါ်လာအတုပြုလုပ်သည့် ပစ္စည်းများနှင့် ဖမ်းမိစဉ်က ယင်းပစ္စည်းများနှင့်အတူ ဖမ်းမိသည့် ကျောက်နီများမှာ အာဖရိက ပတ္တမြား ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် သယ်ဆောင်မှုကြောင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် ဒဂုံမြို့နယ် တရားရုံး၌ တရားစွဲဆိုစစ်ဆေးခဲ့ပြီး ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ အဆိုပါ လိုက်ဘေးရီးယားနိုင်ငံသားကို ဒေါ်လာအတု ပြုလုပ်မှုဖြင့် ပုဒ်မ ၄၂၄ (မရိုးမဖြောင့်သော သဘောနှင့် ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသော သဘောနှင့်ဖြစ်စေ ပစ္စည်းကို ဖယ်ရှားခြင်း၊ သို့တည်းမဟုတ် ဝှက်သိမ်းခြင်း)ဖြင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် အနောက်ပိုင်းခရိုင် တွဲဖက်တရားသူကြီး (၁)က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ယင်းအမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့နယ်၊ ဦးဝိစာရ ရပ်ကွက်ရှိ ဟိုတယ်တစ်ခု၌ ဒေါ်လာအတု ပြုလုပ်သည့် စာရွက်စာတမ်းများ ပါရှိကြောင်း သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါ ဟိုတယ်ရှိ လိုက်ဘေးရီးယား နိုင်ငံသား Mr.RAYMOND SAMCHO (၃၅ နှစ်) တည်းခိုသည့် အခန်းအတွင်းမှ အမေရိကန်ဒေါ်လာနှင့် အရွယ်အစားတူသည့် စက္ကူရွက် ၆၀၀၀ ခန့်အား ပေါင်ဒါမှုန့်၊ ဂွမ်းစတို့ဖြင့် စနစ်တကျ ထုပ်ပိုးထားသည်ကို တွေ့ရှိခဲ့ပြီး ဒေါ်လာအတု ပြုလုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဆေးရည်ပုလင်း သုံးမျိုးနှင့် ဆပ်ပြာအထုပ်ငယ် တစ်ထုပ်၊ ကျောက်နီ အထုပ်ငယ် ခြောက်ထုပ်တို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ၎င်းအား ဒဂုံမြို့မ ရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်ကာ အနောက်ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ထု့ိပြင် သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများအနက် ကျောက်နီအထုပ်ငယ်များအား သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသို့ ပို့ဆောင်၍ ထင်မြင်ချက်တောင်းခံခဲ့ရာ ယင်းကျောက်နီများမှာ ဖန်သွင်း အပူပေး ပြုပြင်ထားသည့် အာဖရိက ပတ္တမြားများဖြစ်ကြောင်း သိရသဖြင့် အဆိုပါ ပတ္တမြားများကို မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် သယ်ဆောင်မှုဖြင့် လိုက်ဘေးရီးယားနိုင်ငံသားအား ဒဂုံမြို့နယ် တရားရုံး၌ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် ထပ်မံတရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်သည်။