ရှေးဟောင်း အမွေအနှစ်များအား ဖျက်ဆီးမှုအတွက် မာလီဂျီဟတ်တစ်ဦး ထောင်ဒဏ် ကိုးနှစ် ချမှတ်ခံရ

ရှေးဟောင်း အမွေအနှစ်များအား ဖျက်ဆီးမှုအတွက် မာလီဂျီဟတ်တစ်ဦး ထောင်ဒဏ် ကိုးနှစ် ချမှတ်ခံရ
Published 28 September 2016

မာလီနိုင်ငံ တင်ဘတ်ကူမြို့ရှိ ဒဏ္ဍာရီလာ အထိမ်းအမှတ် အဆောက်အအုံများအား ဖျက်ဆီးမှုနှင့် ပတ်သက်၍ မာလီဂျီဟတ်တစ်ဦးကို စစ်ရာဇဝတ်မှုဆိုင်ရာ တရားသူကြီးများက စက်တင်ဘာ ၂၇ ရက်တွင် ထောင်ဒဏ်ကိုးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းသည် ကမ္ဘာပေါ်ရှိ ဖျက်ဆီးခံရရန် အန္တရာယ်ရှိနေသော ရှေးဟောင်း အမွေအနှစ်များကို ကာကွယ်ပေးရာတွင် ကူညီပေးနိုင်မည့် အထင်ကရ စီရင်ချက် ဖြစ်လာမည်ဟု ကျွမ်းကျင်သူများက မျှော်လင့်ခဲ့ကြသည်။
ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်နေရာ ဖြစ်သည်ဟု သတ်မှတ်ထားသော မာလီမြောက်ပိုင်းတွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်ဖျက်ဆီးမှုများကို ညွှန်ကြားခဲ့မှုအတွက် အာမက်အယ်ဖာကီအယ်မက်ဒီတွင် အပြစ်ရှိကြောင်း သည်ဟိဂ်ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးမှ တရားသူကြီးများက ဆုံးဖြတ်ခဲ့သည်။ ကာကွယ်ပေးထားသည့် နေရာများကို ဖျက်ဆီးမှုကြောင့် အယ်မက်ဒီသည် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းပြစ်မှုသည် အလွန်အမင်း ကြီးမားကြောင်း ကြားနာစစ်ဆေးမှုကို ဦးဆောင်သည့် တရားသူကြီး ရာအူးပန်ဂါလန်ဂန်က ပြောကြားခဲ့သည်။
ယင်းစီရင်ချက်သည် ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှု အမွေအနှစ်များကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းနေသူများ အတွက် အဟန့်အတားတစ်ခု ဖြစ်လာစေရန် စောင့်ကြည့်လေ့လာသူများက မျှော်လင့်ထားသည်။ ၂၀၁၂ ခုနှစ်တွင် တင်ဘတ်ကူရှိ ဂူဗိမာန်ကိုးခုနှင့် ရာစုနှစ်နှင့်ချီ သက်တမ်းရှိသော ဆီဒီယာဟီယာဗလီ၏ တံခါးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ရှိရှိ ညွှန်ကြားခဲ့သော စစ်ရာဇဝတ်မှုမြောက်သည့် တစ်ခုတည်းသော စွဲချက်တွင် အပြစ်ရှိကြောင်း အသက် ၃၀ မှ ၄၀ ကြားရှိ မက်ဒီကလည်း ဝန်ခံခဲ့သည်။
Tuareg မျိုးနွယ်စုများက ငါးရာစုမှ ၁၂ ရာစုအကြား တည်ထောင်ခဲ့သော တင်ဘတ်ကူမြို့သည် သူတော်စင် ၃၃၃ ဦး၏ မြို့နှင့် ကန္တာရပုလဲအဖြစ် အမည်တင်စားခြင်း ခံရသည်။ ယင်းမြို့သည် ၁၅ ရာစုနှင့် ၁၆ ရာစုတို့တွင် အလွန်အမင်း အောင်မြင်စဉ်က အစ္စလာမ္မစ် လေ့လာရေးစင်တာ တစ်ခုအဖြစ် အကြီးအကျယ် လေးစားခံခဲ့ရသည်။ သို့သော် ၂၀၁၂ ခုနှစ်အစောပိုင်းတွင် ဝေးလံ ခေါင်သီသော မာလီမြောက်ပိုင်း တစ်ဝန်းကို သိမ်းယူခဲ့သည့် ဂျီဟတ်များကမူ ရုပ်တုကိုးကွယ်သည့် ဝါဒအဖြစ် စဉ်းစားခဲ့ကြသည်။ Hisbah သို့မဟုတ် Manners Brigade ဟုခေါ်သော အဖွဲ့ခေါင်းဆောင် မက်ဒီသည် ယင်းနေရာများကို ဖျက်ဆီးပစ်ရန် ညွှန်ကြားခဲ့သည်။   
Ref : AFP

Most Read

Most Recent