ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံသားများအား ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် အစိုးရအနေဖြင့် ၎င်းတို့သည် မိမိတို့၏ နိုင်ငံသားဖြစ်၍ မိမိတို့က တာဝန်ယူသည်ဟု ကြေညာချက် ထုတ်ပြန်သင့်ကြောင်းနှင့် G to G တရားဝင် လမ်းကြောင်းဖြစ်အောင် ဆောင်ရွက်ပေးသင့်ကြေ

ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံသားများအား ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် အစိုးရအနေဖြင့် ၎င်းတို့သည် မိမိတို့၏ နိုင်ငံသားဖြစ်၍ မိမိတို့က တာဝန်ယူသည်ဟု ကြေညာချက် ထုတ်ပြန်သင့်ကြောင်းနှင့် G to G တရားဝင် လမ်းကြောင်းဖြစ်အောင် ဆောင်ရွက်ပေးသင့်ကြေ
Published 28 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံသားများအား ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် အစိုးရအနေဖြင့် ၎င်းတို့သည် မိမိတို့၏ နိုင်ငံသားဖြစ်၍ မိမိတို့က တာဝန်ယူသည်ဟု ကြေညာချက် ထုတ်ပြန်သင့်ကြောင်းနှင့် G to G တရားဝင် လမ်းကြောင်းဖြစ်အောင် ဆောင်ရွက်ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
 
ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံသားများအား ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် အစိုးရအနေဖြင့် ၎င်းတို့သည် မိမိတို့၏ နိုင်ငံသားဖြစ်၍ မိမိတို့က တာဝန်ယူသည်ဟု ကြေညာချက် ထုတ်ပြန်သင့်ကြောင်းနှင့် G to G တရားဝင်လမ်းကြောင်းဖြစ်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
 
စက်တင်ဘာ ၂၇ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ မိမိနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးမှုကြောင့် နိုင်ငံရပ်ခြားသို့ ထွက်၍ အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများမှ အလုပ်ရှင်များက ဥပဒေမဲ့ ခိုင်းစေခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ပြုလုပ်နေမှုများအား နိုင်ငံတော်အစိုးရမှ နှစ်နိုင်ငံ အစိုးရချင်းချိတ်ဆက်၍ အမြန်ဆုံး ထိရောက်စွာ ကူညီပံ့ပိုး ကယ်တင်စောင့်ရှောက်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးစဉ် ကိုယ်စားလှယ်များက ထိုသို့ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
 
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံသားများတွင် တရားဝင် သွားရောက်သူများ ရှိသကဲ့သို့၊ တရားမဝင် သွားရောက်သူများလည်း ရှိကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်နေရသူမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အများဆုံးဖြစ်ပြီး အချို့မှာ လူကုန်ကူးခံရခြင်းကြောင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေရသူများ၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အဓမ္မလုပ်ကိုင်နေရသူများ၊ အိမ်ဖော်အဖြစ် ရောင်းစားခံရသူများနှင့် တရုတ်လူမျိုးတို့၏ မယားအဖြစ် ရောင်းစားခြင်းကို အများဆုံး ခံစားနေရကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
 
ပြည်ပရောက် မြန်မာနိုင်ငံသားများတွင် အများစုမှာ လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်မှုအတွက် လျော်ကြေးနစ်နာကြေး မရရှိခြင်း၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်သမားအခွင့်အရေး ပြည့်ဝစွာ မရရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းများ နေ့စဉ်ကြုံတွေ့နေရကြောင်း၊ တရားဝင် အထောက်အထားဖြင် အလုပ်လုပ်နေသူများပင် အလုပ်ရှင်နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေတောင်းယူခြင်းများပင် ရှိနေခြင်း၊ လုပ်ငန်းခွင် ပြင်ပတွင်လည်း အုပ်စုဖွဲ့ လုယက်ခြင်းများရှိနေသည့်အတွက် ပြည်ပရောက် နိုင်ငံသားများသည် ဘဝလုံခြုံမှု ကင်းမဲ့နေကြောင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခံရသူများအတွက် ယနေ့အချိန်အထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်းပင် မရှိသေးကြောင်း ကိုယ်စားလှယ်များက ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ကြသည်။
 
“နိုင်ငံရပ်ခြားမှာ သွားရောက် လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ဖို့ဆိုရင် အစိုးရတစ်ရပ်ရဲ့ပထမဦးဆုံး ခြေလှမ်း ပထမဆုံး လုပ်ဆောင်ချက်ဟာ declaration လို့ခေါ်တဲ့ ကြေညာ ချက်တစ်ခု ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ ဒီလူတွေဟာ ငါ့ရဲ့နိုင်ငံသားတွေဖြစ်တယ်။ ငါ့ရဲ့ အလုပ်သမားတွေ ဖြစ်တယ်။ ငါ့ရဲ့အလုပ်သမားတွေကို ငါတာဝန်ယူတယ် ဆိုတာမျိုး ကြေညာချက် ထုတ်ဖို့ဟာဆိုရင် ပထမခြေလှမ်း ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စကို တရားဝင်ဖြစ်စေဖို့ Goverment to Goverment လမ်းကြောင်းဖြစ်ဖို့သာ ဆောင်ရွက်ပေးသင့်ပါတယ်။ ယခုလက်ရှိမှာ တရားဝင်လမ်းကြောင်းဟာ ရှုပ်ထွေးတယ်။ ခက်ခဲတယ်။ ကြန့်ကြာတဲ့ အတွက်ကြောင့်မို့ အလုပ်သမားတွေအပေါ်မှာ ဆွဲဆောင်နိုင်မှု နည်းနေပါတယ်။ ဒါကြောင့်မို့ တရားမဝင်လမ်းကြောင်းတွေ၊ အေဂျင်စီတွေနဲ့ ချိတ်ဆက် လုပ်ခြင်းအားဖြင့် ယခုလို ဥပဒေမဲ့ပြုကျင့်ခြင်းတွေကို ခံနေရတာဖြစ်ပါတယ်။ 
ဒါကြောင့်မို့ အစိုးရအနေနဲ့ တရားဝင်လမ်းကြောင်းတွေကို ရိုးရှင်းလွယ်ကူတဲ့ နည်းတွေနဲ့ ဖြေလျှော့ဖို့ လိုအပ်နေပြီဖြစ်ပါတယ်”ဟု စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်က ပြောကြားသည်။
 
ထို့အတူ ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်းက “ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်နေသော ကုမ္ပဏီများ၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ တရားဝင်လိုင်စင် ရှိ မရှိ၊ အလုပ်သမားများအား ဥပဒေ၊ နည်းဥပဒေများနဲ့အညီ တရားဝင်စေလွှတ်ခြင်း ရှိ မရှိ၊ တာဝန်ခံ စေလွှတ်လိုက်သည့် အေဂျင်စီများ အနေဖြင့် ပြည်ပတွင် မိမိတို့ အလုပ်သမားများ လုပ်ခလစာ အပြည့်အ၀ ရရှိမှု ရှိ မရှိ၊ အလုပ်ချိန်အတိုင်း စေခိုင်းခြင်း ရှိ မရှိ၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ ပေးထားခြင်း ရှိ မရှိတို့ကို ပုံမှန်စုံစမ်း စစ်ဆေးခြင်းနှင့် ပြည်ပနိုင်ငံများတွင် မိမိတို့နိုင်ငံသားများ အခက်အခဲ ဒုက္ခကြုံတွေ့လာလျှင်  နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်၍ အမြန်ဆုံး ဆောင်ရွက်သွားဖို့ လိုအပ်နေပါကြောင်း တိုက်တွန်းပါတယ်”ဟု ပြောကြားသည်။
 
မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုးကလည်း ပြည်ပရောက် အလုပ်သမားများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် ပြည်ပတွင် သွားရောက် လုပ်ကိုင်သူများ လျော့ကျစေရန်အတွက် ဒေသနှင့် ကိုက်ညီသည့် အလုပ်အကိုင်များ ဖန်တီးပေးရန်၊ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန်နှင့် အစိုးရပညာရေး စာသင်ကျောင်းများ မရှိသေးသောဒေသတွင် အမြန်ဆုံး စာသင်ကျောင်းများ ဖွင့်လှစ်ပြီး ပညာပေးလုပ်ငန်းများ ပြုလုပ်ရန်၊ မူးယစ်တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ယန္တရားတစ်ခု ထူထောင်ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်တိုက်ဖျက်ရန်နှင့် လူကုန်ကူးသူများကို ခြွင်းချက်မရှိ သေဒဏ်ထိ ချမှတ်ရန်၊ နှစ်နိုင်ငံအစိုးရ ညှိနှိုင်းပြီး အလုပ်သမားများကို ကာကွယ်သည့် ခိုင်မာသော ပေါ်လစီများ ချမှတ်ပြီး ဥပဒေဖြင့် ကာကွယ်ရန်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက်ငါးခုကို သတ်မှတ်ထားသည်ထက် ပြည်သူများနှင့် ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်၊ ပြည်ပရောက် နိုင်ငံသားများကို အခိုင်အမာ အကာအကွယ်ပေးသည့် ဥပဒေကိုပြဋ္ဌာန်းရန်နှင့် အစိုးရအနေဖြင့် မိမိနိုင်ငံသားများကို လေးစားတန်ဖိုးထား တာဝန်ယူလိုစိတ်ရှိရန်နှင့် တရုတ်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများအတွက် တရုတ်အစိုးရနှင့် ညှိနှိုင်းပြီး အလုပ်သမားလက်မှတ်များ ထုတ်ပေးရန် ဆွေးနွေးသည်။
 
အဆိုပါအဆိုနှင့် ပတ်သက်၍ ဆွေးနွေးမည့် ကိုယ်စားလှယ် ၁၆ ဦး အမည်စာရင်းပေးသွင်းထားပြီး စက်တင်ဘာ ၂၇ ရက်တွင် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကာ ကျန်ကိုယ်စားလှယ်များ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို စက်တင်ဘာ ၂၈ ရက် (ယနေ့) တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent