စိမ်းမြစ်နံဘေးတစ်လျှောက် ကားများ သွားလာမှုကို ပါရီက တားမြစ်ပိတ်ပင်

စိမ်းမြစ်နံဘေးတစ်လျှောက် ကားများ သွားလာမှုကို ပါရီက တားမြစ်ပိတ်ပင်
Published 27 September 2016
Ref: AFP

ပါရီမြို့တွင်းသို့ ဝင်ရောက်သည့် စိမ်းမြစ်ကမ်းနံဘေး လမ်းတစ်လျှောက်တွင် ကားများသွားလာမှုကို တားမြစ်သည့် စီမံကိန်းအား အစိုးရက စက်တင်ဘာ ၂၆ ရက်တွင် သဘောတူခွင့်ပြုခဲ့ပြီးနောက် လမ်းလျှောက်သူများနှင့် စက်ဘီးစီးသူများသည် စိမ်းမြစ်ကမ်းနံဘေးတွင် သက်သောင့်သက်သာ သွားလာနိုင်တော့မည် ဖြစ်သည်။
 
ပါရီမြို့တော်ဝန်ဖြစ်သော ဆိုရှယ်လစ်ဝါဒီ အမ်အီဒါဂိုက စိမ်းမြစ်နံဘေး၌ ကားများ သွားလာမှုကို တားမြစ်ခြင်းသည် သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်ကြောင်း မြို့ပြမော်တော်ယာဉ် သွားလာမှုကို နိဂုံးချုပ်ပြီး စိမ်းမြစ်ကို ပြန်လည်ရယူခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြို့တော် ပါရီတွင် ကားများသွားလာမှုကို ကန့်သတ်သည့် ယင်းစီမံချက်နှင့် ပတ်သက်၍ မြို့တော်ဝန်၏ ဆောင်ရွက်ချက်ကို  သဘောထားကွဲလွဲမှုများလည်း ရှိသည်။ သို့သော်လည်း ပါရီမြို့သား ၅၅ ရာခိုင်နှုန်းက ကားများပိတ်ပင်မှုကို ထောက်ခံကြောင်း မကြာသေးမီက စစ်တမ်းတစ်ခု၌ ဖော်ပြခဲ့သည်။ 
 
စိမ်းမြစ်၏ ညာဘက်ကမ်း အမြန်လမ်းမ နှစ်မိုင် (၃ ဒသမ ၃ ကီလိုမီတာ) ခရီး၌ ကားများသွားလာမှုကို တားမြစ်ခဲ့ခြင်းအတွက် လူ ၁၉၀၀၀ နီးပါးက ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသည်။
 
စိမ်းမြစ်ကမ်းသည် ၁၉၉၁ ခုနှစ်မှစပြီး ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားရသည့် နေရာဖြစ်သည်။ လေအရည်အသွေး နိမ့်ကျပြီး ဥရောသမဂ္ဂ၏ စံနှုန်းများကို မပြည့်မမီဖြစ်နေသော ပါရီမြို့တွင် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးအစီအစဉ်များအား ဆိုရှယ်လစ်မြို့တော်ဝန် အီဒါဂိုက ဆက်လက်ဆောင်ရွက်နေသည်။  

Most Read

Most Recent