ကိုလံဘီယာအစိုးရနှင့် သူပုန်အဖွဲ့ FARC တို့က သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုး

ကိုလံဘီယာအစိုးရနှင့် သူပုန်အဖွဲ့ FARC တို့က သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုး
Published 27 September 2016
Ref: AFP

ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်နှင့် မာ့က်စ်ပြောက်ကျားသူပုန်အဖွဲ့(FARC) ခေါင်းဆောင် တီမိုလီယွန်တီမိုချင်ကိုဂျင်မီနက်ဇ်တို့သည် ဆယ်စုနှစ်ငါးခုကြာ စစ်ပွဲကို အဆုံးသတ်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို စက်တင်ဘာ ၂၆ ရက်တွင် လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။ ရာစုနှစ် ထက်ဝက်ခန့်ကြာမြင့်ခဲ့သော ပြည်တွင်းစစ်တွင် မရေမတွက်နိုင်အောင် ထိခိုက်ခံစားခဲ့ရသူများအတွက် တီမိုချင်ကိုက တောင်းပန်ခဲ့ကြောင်း သိရသည်။ ဝတ်စုံဖြူများ ဝတ်ဆင်ထားသော အသေအကျေ တိုက်ခိုက်ခဲ့ကြသည့် ရန်သူဟောင်းများသည် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီးနောက် လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။
 
အမေရိကတိုက်တွင် အဓိကကျသော နောက်ဆုံးလက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ရန်အတွက် လေးနှစ်နီးပါးကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ကာရစ်ဘီယန် ကမ်းရိုးတန်းရှိ ကာတာဂျီနာမြို့တွင် ယင်းအခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းငြိမ်းချမ်းရေးသဘောတူညီချက်ကို လာမည့် သီတင်းပတ်တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ အဆုံးအဖြတ် ခံယူမည်ဖြစ်သည်။ “ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေး ခေတ်သစ်တစ်ခု စတင်ဖို့ ကျွန်တော်တို့ ပြန်လည်မွေးဖွားလာခဲ့ပါပြီ” ဟု တီမိုချင်ကိုက ပြောကြားခဲ့သည်။ “ FARC ကိုယ်စား ဒီစစ်ပွဲအတွင်းမှာ ကျွန်တော်တို့ကြောင့် ထိခိုက်နာကျင်မှု ခံစားခဲ့ရသူတဲ့သူတွေ အားလုံးကို ကျွန်တော်က ရိုးရိုးသားသား တောင်းပန်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
 
“ကျွန်တော်တို့တွေ လက်နက်မကိုင်တော့ဘဲ နိုင်ငံရေးလောကထဲ ဝင်မယ်ဆိုတာကို သံသယ မဖြစ်ကြပါနဲ့။ ကျွန်တော်တို့အားလုံး နှလုံးသားနဲ့ စိတ်တွေ နူးညံ့အောင်လုပ်ဖို့ ပြင်ဆင်ကြပါစို့” ဟု တီမိုချင်ကိုက ပြောကြားခဲ့သည်။ ယင်းနောက် သမ္မတဆန်းတို့စ်က ဟောပြောစင်မြင့်သို့ တက်လာခဲ့ပြီးနောက် တောထဲရှိ စခန်းများတွင် ရှိနေပြီး လက်နက်များ စွန့်လွှတ်ရန် ပြင်ဆင်နေသော ထောင်နှင့်ချီသည့် FARC တိုက်ခိုက်ရေးသမားများကို သတင်းစကားပေးခဲ့သည်။ 
 
“ရွေးကောက်ပွဲတွေအတွက် ကျည်ဆန်တွေနဲ့ လဲလှယ်တာ၊ စိတ်ကူးတွေအတွက် လက်နက်တွေနဲ့ လဲလှယ်တာဟာ ဘယ်သူပုန်အဖွဲ့မဆို လုပ်ဆောင်နိုင်တဲ့ အရဲရင့်ဆုံးနဲ့ ပညာသားအပါဆုံး ဆုံးဖြတ်ချက်ပါ” ဟု ဆန်းတို့စ် က ပြောကြားခဲ့သည်။
 
ယင်းလက်မှတ်ထိုးသည့် အခမ်းအနားသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ဗာတီကန်၏ Secretary of State ဖြစ်သူ ပီရက်ထရိုပါရိုလင်းတို့ အပါအဝင် ဧည့်သည်တော် ၂၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ယင်းသဘောတူညီချက် ရရှိရန်ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပခဲ့သည့် ကျူးဘားမှ သမ္မတ ရာအူးကက်စထရိုအပါအဝင် လက်တင်အမေရိကမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
 

Most Read

Most Recent