အမေရိကန်၌ လူမျိုးရေး မငြိမ်သက်မှုဖြစ်နေစဉ် အာဖရိကန်-အမေရိကန် ပြတိုက်သစ်ကြီးကို အိုဘားမား ဖွင့်လှစ်

အမေရိကန်၌ လူမျိုးရေး မငြိမ်သက်မှုဖြစ်နေစဉ် အာဖရိကန်-အမေရိကန် ပြတိုက်သစ်ကြီးကို အိုဘားမား ဖွင့်လှစ်
Published 25 September 2016
Ref: AFP

အမေရိကန်၌ လူမည်းများ၏ ဒုက္ခခံစားခဲ့ရမှုများနှင့် အောင်မြင်မှုများအတွက် ရည်စူးထားသည့် ကာလရှည်ကြာစွာ မျှော်လင့်ခဲ့ရသော အာဖရိကန်-အမေရိကန် အမျိုးသားသမိုင်းနှင့် ယဉ်ကျေးမှုပြတိုက်ကို စက်တင်ဘာ ၂၄ ရက်က ဖွင့်လှစ်ခဲ့ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယင်းပြတိုက်ဖွင့်လှစ်မှုကို ကြိုဆိုဂုဏ်ပြုခဲ့သည်။အမေရိကန်၌ လူမျိုးရေး တင်းမာမှုများ မြင့်တက်နေစဉ် ဝါရှင်တန်မြို့တော်၌ စတုရန်းပေ ၄၀၀၀၀၀ ကျယ်ဝန်းသော ရင်သပ်ရှုမောဖွယ် ပြတိုက်ကြီးဖွင့်ပွဲသို့ လူထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုခဲ့ပြီး အမေရိကန်၏ ပထမဆုံး လူမည်းသမ္မတ အိုဘားမားက ဖွင့်ပွဲအတွက် ဖဲကြိုးဖြတ်ပေးခဲ့သည်။“အမေရိကန် ဇာတ်ကြောင်းထဲကနေ အာဖရိကန်-အမေရိကန်သမိုင်းကို ဘယ်နည်းနဲ့မှ ဖယ်ထုတ်လို့မရပါဘူး” ဟု အိုဘားမားက ဖွင့်ပွဲ၌ ပြောကြားခဲ့သည်။ ထိုဖွင့်ပွဲသို့ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်နှင့် ဇနီး လော်ရာဘုရှ်၊ အော်ပရာဝင်းဖရေး အစရှိသော နာမည်ကျော်ပုဂ္ဂိုလ်များစွာလည်း တက်ရောက်ခဲ့သည်။အာဖရိကန်-အမေရိကန် အမျိုးသား သမိုင်းပြတိုက်ကြီးသည် စမစ်ဆိုးနီးယန်း အင်စတီကျု လက်အောက်တွင်ရှိသည့် ၁၉ ခုမြောက် ပြတိုက်ဖြစ်သည်။ ထို့အပြင် ယခု ပြတိုက်သည် အမေရိကန်၌ လူမည်းများ စနစ်တကျ နှိပ်ကွပ်ခံခဲ့ရသော ခါးသီးသည့် အမှန်တရားများ၊ အာဖရိကန်-အမေရိကန် ယဉ်ကျေးမှုထဲ၌ တစ်သားတည်းဖြစ်နေသည့် လူမည်းများ၏ အခန်းကဏ္ဍတို့အပေါ် ဂုဏ်ပြုမှုများအား မှတ်တမ်းတင်ထားသည့် ပထမဆုံး ပြတိုက်လည်းဖြစ်သည်။အိမ်ဖြူတော်နှင့် ဝါရှင်တန်ကျောက်တိုင်တို့အနီးတွင် တည်ရှိသည့် ထိုပြတိုက်ကြီးသည် ပိရမစ် ဇောက်ထိုးပုံစံ အလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားပြီး ကြေးညိုရောင်ရှိသည်။ ပြတိုက်ထဲ၌ ရုပ်ဝတ္တုပစ္စည်းပေါင်း ၃၄၀၀၀ ကျော်ရှိ ပြီး ယင်းတို့အနက် ထက်ဝက်နီးပါးမှာ လှူ ဒါန်းထားခြင်းဖြစ်သည်။အမျိုးသား ပြန်လည်စည်းလုံးရေးအတွက် ဆောင်ရွက်ပေးမည်ဟူသော ကတိဖြင့် ၂၀၀၈ ခုနှစ်က စတင် ရွေးကောက်တင်မြှောက်ခံခဲ့ရသော အိုဘားမားက ၎င်းသည် အမေရိကန် လူမည်းများ၏ သမ္မတမဟုတ်ဘဲ အမေရိ ကန် အားလုံးအတွက် သမ္မတဖြစ်သည်ဟု ထပ်တလဲလဲ ပြောကြားခဲ့သည်။ အမေရိကန်၌ လူမည်းများကို ရဲတပ်ဖွဲ့၏ ပစ်သတ်မှုများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြီးမားသော လူထုဆန္ဒပြမှုကြီးများ ဖြစ်ပေါ်နေစဉ် ယခုပြတိုက်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။“ဒီပြတိုက်ဟာ လာရောက်လေ့လာတဲ့ လူဖြူဧည့်သည်တွေကို ဖာဂူဆန်၊ ရှားလော့လိုနေရာက ဆန္ဒပြသူတွေရဲ့ နာကျင်မှုတွေ၊ ဒေါသတွေကို နားလည် သေချာပေါက်အောင် ကူညီနိုင်မှာပါ” ဟု အိုဘားမားက ပြောကြားခဲ့သည်။ထိုပြတိုက်သို့ ရီပက်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့်သည်လည်း လူမည်းမဲဆန္ဒရှင်များ၏ ထောက်ခံမှုကိုရရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ရောက်လာခဲ့သည်။ ထို့အပြင် လူမျိုးရေးခွဲခြားသည်ဟု စွပ်စွဲခံရသည့် ထရန့်က အာဖရိကန်-အမေရိကန်များသည် အမေရိကန်ပြည်ထောင်စုအတွက် မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်ခဲ့သည်ဟုလည်း ဂုဏ်ပြုပြောကြားခဲ့သည်။

Most Read

Most Recent