မွေးဖွားမှု ပြဿနာကြောင့် သေဆုံးရသည့် မိခင်ပေါင်း တစ်နှစ်လျှင် ၂၀၀၀ ကျော် ရှိနေခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးဌာနခွဲ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း၍ ‘မိခင်သေဆုံးမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းစနစ်’ ကို စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကိုယ်ဝန်ဆောင်မိခင်ပေါင်း ကိုးသိန်းကျော်ရှိပြီး ယင်းတို့အနက် မွေးဖွားမှု ပြဿနာကြောင့် သေဆုံးရသည့် မိခင်ပေါင်း ၂၀၀၀ ကျော်ရှိကြောင်း၊ ယခုစတင်ဆောင်ရွက်မည့် ‘မိခင်သေဆုံးမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းစနစ်’ (Maternal Death Surveillance and Response) သည် မိခင်သေဆုံးမှုဖြစ်စဉ် အားလုံးကို ဖော်ထုတ်အစီရင်ခံခြင်း၊ သေဆုံးရခြင်း အကြောင်းအရင်းများကို လေ့လာသုံးသပ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများကို ဒေသအလိုက် ထိထိရောက်ရောက် ဆောင်ရွက်ခြင်းတို့ ပါဝင်ပြီး ၎င်းစနစ် အကောင်အထည် ဖော်ခြင်းဖြင့် ကာကွယ်၍ ရနိုင်သော အကြောင်းရင်းများကို ရှာဖွေနိုင်ကာ မိခင်သေဆုံးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံ၏ အမျိုးသမီး စုစုပေါင်း ကလေးမွေးနှုန်းမှာ ၂ ဒသမ ၂၉ ဖြစ်ပြီး အိမ်ထောင်ကျဖူးသူ အမျိုးသမီး တစ်ဦး၏ စုစုပေါင်း ကလေးမွေးနှုန်းမှာ ၄ ဒသမ ၀၃ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမ ကလေးမွေးဖွားသည့် အသက်မြင့်မားလာခြင်း နှင့်အိမ်ထောင်မကျသေးသူ အချိုးအစား များလာခြင်းများကြောင့် ကလေးမွေးဖွားနှုန်းများ ကျဆင်းလာကြောင်း၊ မြို့ပြဒေသတွင် အမျိုးသမီးတစ်ဦး စုစုပေါင်းကလေး မွေးနှုန်းမှာ ၁ ဒသမ ၈ နှင့်အိမ်ထောင် ကျဖူးသူအမျိုးသမီးတစ်ဦး၏ စုစု ပေါင်း ကလေးမွေးနှုန်းမှာ ၃ ဒသမ ၆ ဖြစ်ပြီး ကျေးလက်ဒေသတွင် အမျိုးသမီးတစ်ဦး စုစုပေါင်း ကလေးမွေးနှုန်းမှာ ၂ ဒသမ ၅ နှင့် အိမ် ထောင်ကျဖူးသူ အမျိုးသမီးတစ်ဦး၏ စုစုပေါင်း ကလေးမွေးနှုန်းမှာ ၄ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ကြောင်းနှင့် ကလေးမွေးနှုန်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သိသာစွာ ကွဲပြားလျက်ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၌ ကလေးမွေးဖွားနှုန်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကွဲပြားလျက်ရှိပြီး မွေးဖွားနှုန်း အမြင့်ဆုံး ဒေသများမှာ ချင်းပြည်နယ် ၄ ဒသမ ၄၊ ကရင်ပြည်နယ် ၃ ဒသမ ၄ နှင့် ကယားပြည်နယ် ၃ ဒသမ ၃ တို့ ဖြစ်ကြောင်းနှင့် အနိမ့်ဆုံးဒေသမှာ ရန်ကုန်တိုင်း ဒေသကြီး ၁ ဒသမ ၇ နှင့် မန္တလေးတိုင်း ဒေသကြီး ၁ ဒသမ ၉ တို့ ဖြစ်ကြောင်း သိရသည်။
အသက်အုပ်စုအလိုက် ကလေးမွေးနှုန်းများသည် အသက်အုပ်စု ၂၅ မှ ၂၉ နှစ်အုပ်စုတွင် အမြင့်ဆုံး ဖြစ်နေပြီး အသက်အုပ်စု အားလုံးတွင် မြို့ပြဒေသရှိ အမျိုးသမီးများသည် ကျေးလက်ဒေသရှိ အမျိုးသမီးများထက် မွေးနှုန်းပိုမို နိမ့်ကျသည်ကို တွေ့ရှိရကြောင်း၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ငါးနှစ်အောက် ကလေးသူငယ် ငါးသောင်းဝန်းကျင်မှာ ကာကွယ်နိုင်သော ရောဂါများဖြစ်သည့် ငှက်ဖျား၊ ဝမ်းပျက် ဝမ်းလျှောနှင့် အဆုတ်ရောင် ရောဂါများကြောင့် သေဆုံးနေကြောင်း၊ ယင်းတို့အနက်မှ ဝမ်းပျက် ဝမ်းလျှော ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်မှု အများဆုံး ဖြစ်ပွားသော ရောဂါတစ်ခု ဖြစ်နေပြီး အသက်ငါးနှစ်အောက် ကလေးသူငယ် သေဆုံးရခြင်း အဓိက အကြောင်းရင်းများအနက် ၂၅ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနေရာတွင် ရပ်တည်နေကြောင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ အသက်ငါးနှစ်အောက် ကလေးများ အသက်ဆုံးရှုံးရခြင်း၏ နံပါတ် (၂) နေရာတွင် ရှိနေပြီး ကလေး ၁၀ ဦးတွင် တစ်ဦးနှုန်း နှစ်စဉ်လူဦးရေ ရှစ်သိန်းခန့်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် နှစ်စဉ်သေဆုံး နေရကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မွေးဖွားမှု ပြဿနာကြောင့် သေဆုံးရသည့်မိခင် တစ်နှစ်လျှင် ၂၀၀၀ ကျော် ရှိနေခြင်းကြောင့် ‘မိခင်သေဆုံးမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းစနစ်’ ကို စတင်ဆောင်ရွက်မည်









