အသက်ကန့်သတ်ချက် မရှိတော့ဘဲ ဝန်ထမ်းလုပ်သက် နှစ် ၃၀ ပြည့်ပြီးပါက အငြိမ်းစား ယူနိုင်ခွင့်ရှိသည့် အချက်အပါအဝင် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က စက်တင်ဘာ ၂၀ ရက်က အတည်ပြုခဲ့သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၏ ပုဒ်မ ၅၈ တွင် အငြိမ်းစားယူနိုင်ခွင့်အား လုပ်သက်နှစ် ၃၀ ပြည့်သည့်အခါဟု အတည်ပြုခဲ့ကာ နှစ်ပြည့်ပင်စင် ခံစားခွင့်တောင်းခံသည့်အခါ ခိုင်လုံသည့်အကြောင်းပြချက် မရှိဘဲ ငြင်းပယ်ခြင်း မပြုရဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (စ) တွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ဆိုသည်မှာ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးဌာန အသီးသီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာန အသီးသီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၊ နေပြည်တော် ကောင်စီရုံး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးနှင့် ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ရုံးများလည်း ပါဝင်သည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၂၂ တွင် ဝန်ထမ်းသည် အငြိမ်းစား ယူရမည့် အသက်ပြည့်သည့် နေ့ရက်မတိုင်မီ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို ပျမ်းမျှလစာဖြင့် ခံစားနိုင်သည်။ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို အချိန်မီ တောင်းခံခဲ့ရာတွင် ခွင့်ပေးပိုင်ခွင့်ရှိသူက တောင်းခံသည့် ခွင့်ကာလတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အများပြည်သူ အကျိုးငှာ ငြင်းပယ်ခဲ့လျှင် ထိုငြင်းပယ်သည့် ခွင့်ကာလကို အငြိမ်းစား ယူရမည့် နေ့ရက်မှစ၍ စတင် ခံစားခွင့်ရှိသည်ဟု အတည်ပြုခဲ့သည်။ဥပဒေကြမ်း၏ ပုဒ်မ ၂ ပုဒ်မခွဲ (င) ကို ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါ ကိစ္စရပ်များနှင့် အကျုံးဝင်ခြင်း မရှိစေရဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။အမျိုးသားလွှတ်တော်မှ ပြင်ဆင် ဖြည့်စွက်ချက်များဖြင့် အတည်ပြုခဲ့သည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ ဆက်လက် ပေးပို့မည်ဖြစ်သည်။
အသက် ကန့်သတ်ချက် မရှိတော့ဘဲ ဝန်ထမ်းလုပ်သက် နှစ် ၃၀ ပြည့်ပြီးပါက အငြိမ်းစား ယူနိုင်ခွင့်ရှိသည့် အချက် အပါအဝင် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု









