အစိုးရသစ်လက်ထက် လူမှုကွန်ရက်စာမျက်နှာ Facebook တွင် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာညှိုးနွမ်းအောင် ရေးသားခဲ့သည်ဟုဆိုကာ တရားစွဲခံရသူ ဦးအောင်ဝင်းလှိုင် (ခ) အညာသား အား အလုပ်နှင့် ထောင်ဒဏ် ကိုးလ ကျခံစေရန် မြဝတီမြို့နယ် တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဦးအောင်ဝင်းလှိုင် (ခ) အညာသား၏ စက်တင်ဘာ ၁၄ ရက် တတိယရုံးချိန်း၌ အာမခံလျှောက်ထားမှုအား မြို့နယ်တရားရုံးက တတိယအကြိမ် ပယ်ချခဲ့ကာ ၂၁ ရက် စတုတ္ထရုံးချိန်း စစ်ဆေးပြီးနောက် စက်တင်ဘာ ၂၃ ရက်တွင် မြဝတီမြို့နယ်တရားရုံးက အပြီးပြတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မြဝတီမြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဦးဝင်းသိန်း က ၂၀၁၆ ခုနှစ် ရာဇသတ်ကြီး အမှုအမှတ် ၇၄၉ ၊ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အရ ဦးအောင်ဝင်းလှိုင် (ခ) အညာသားအား အလုပ်နှင့် ထောင်ဒဏ်ကိုးလ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
“ကိုးလ ချမှတ်ခဲ့တဲ့ တရားသူကြီးရဲ့ အမိန့်ဟာ မျှတမှုရှိပါတယ်။ ဒီပုဒ်မက အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချလို့ရပါတယ်။ မြို့နယ်တရားသူကြီးရဲ့ ဆုံးဖြတ်ချက် မျှတမှုရှိတယ်လို့ပဲ ဖြေသိမ့်ရပါမယ်” ဟု ဦးအောင်ဝင်းလှိုင်၏ ရှေ့နေ ဦးခင်မောင်ကျော်က ပြောကြားသည်။
အဆိုပါအမှုမှာ သြဂုတ် ၁၈ ရက်တွင် တရားစွဲတင်ပြီး စက်တင်ဘာ ၁၄ ရက် တတိယရုံးချိန်းတွင် တရားစွဲဆိုခံထားရသူ ဦးအောင်ဝင်းလှိုင်(ခ) အညာသားသည် ကျောက်ကပ်ရောဂါကြောင့် မြဝတီ ပြည်သူ့ဆေးရုံသို့ စက်တင်ဘာ ၁၂ ရက်က တက်ရောက်ကုသမှု ခံယူနေရသည့်အတွက် ဆေးရုံ ပြင်ပသို့ သွားလာနိုင်သည့် အခြေအနေမရှိဆိုသည့် ခရိုင်ဆရာဝန်ကြီး၏ မှတ်ချက်ကြောင့် ရုံးချိန်အတွင်း တရားရုံးသို့ မသွားရောက်နိုင်ခဲ့ကြောင်း သိရသည်။
အညာသား (ခ) ဦးအောင်ဝင်းလှိုင်သည် မြဝတီမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရပြီး အလုပ်ခန့်အပ်လွှာ မရောက်မီကော်မတီကို နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖျက်သိမ်းလိုက်ခြင်းကြောင့် နိုင်ငံတော်သမ္မတအား ဦးအောင်ဝင်းလှိုင်က “ဖျက်မယ်ဆို ဘာလို့ရွေးခိုင်းတာလဲ။ စောက်ရူး၊ စောက်ပေါ၊ ဒီခေါင်းလောက်နဲ့ သမ္မတလုပ်တာ ဒီနိုင်ငံမှာပဲရှိသည်” ဟု ရေးသားခဲ့ခြင်းအပေါ် မြဝတီမြို့ အမှတ် (၅) ရပ်ကွက်နေ ဒေါ်မိုးသူ(ခ) ဒေါ်ယဉ်ယဉ်ထားက နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဆိုကာ တရားလိုပြုလုပ်ပြီး မြဝတီရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ရာ မြဝတီရဲစခန်းက AnyarThar အကောင့်ပိုင်ရှင် ဦးအောင်ဝင်းလှိုင် (ခ) အညာသား၊ အမှတ် (၄) ရပ်ကွက်နေသူအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ သြဂုတ် ၁၈ ရက်တွင် တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။
သမ္မတအား ဂုဏ်သိက္ခာညှိုးနွမ်းအောင် Facebook တွင် ရေးသားခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသူ အလုပ်နှင့်ထောင်ဒဏ်ကိုးလ ချမှတ်ခံရ