ကော့သောင်းမြို့ရှိ တည်းခိုခန်းအတွင်း ဆွဲကြိုးချ သေဆုံးနေသော ဆယ်ကျော်သက် မိန်းကလေးငယ် အမှုမှာ လူတစ်ယောက်၏ ပယောဂ ဟုတ် မဟုတ် ရဲတပ်ဖွဲ့မှ စုံစမ်းနေကြောင်း သိရသည်။တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ရွှေမင်းဝံ ဗဟိုလမ်းရှိ ကောင်းလှိုင်တည်းခိုခန်းတွင် စက်တင်ဘာ ၂၁ ရက်က ဆယ်ကျော်သက် မိန်းကလေးငယ် တစ်ဦးမှာ ဆွဲကြိုးချ သေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ရဲတပ်ဖွဲ့က စစ်ဆေးသည့် မှတ်တမ်းများအရ မိန်းကလေးငယ်မှာ မြိတ်မြို့၊ ကြောင်ငယ်ရပ်တွင် နေထိုင်သည့် မ----(၁၉ နှစ်) ဆိုသူဖြစ်ပြီး အဆိုပါ တည်းခိုခန်း၏ အခန်း အမှတ် (၁၄) တွင် လာရောက်တည်းခိုနေခဲ့ကြောင်း သိရသည်။“ရဲတပ်ဖွဲ့ကတော့ ဘာမှ မှတ်ချက် မပေးသေးပါဘူး။ မိန်းကလေးငယ် သေဆုံးတာ ရိုးရိုးသေတာလား။ တစ်ယောက်ယောက်ရဲ့ ပယောဂကြောင့်လားဆိုတာ စုံစမ်းနေပါတယ်။ ကျွန်တော်တို့ ကြားတာက သူ့ချစ်သူက သေဆုံးသွားတယ်ဆိုပြီး သိရတယ်။ ဒီလိုပဲ လူတွေ ပြောနေကြတယ်” ဟု ကော့သောင်းမြို့ခံ ဒေသခံ တစ်ဦးက ပြောကြားသည်။အဆိုပါ မိန်းကလေးငယ်မှာ တည်းခိုခန်းပြတင်းပေါက် သစ်သားဘောင်တွင် လျှပ်စစ်မီးကြိုးဖြင့်ချည်ပြီး မှောက်လျက်လျှောချ အနေအထားဖြင့် ဆွဲကြိုးချ သေဆုံးနေကြောင်း သိရသည်။တည်းခိုခန်း အတွင်းရှိ ပစ္စည်းတင်ခုံပေါ်တွင် ဗလာစာအုပ်ဖြင့် “အောင်ကိုမင်းအား အချစ်ရဆုံး၊ ကို့အနားမှာ လိပ်ပြာအဖြစ် အမြဲရှိနေမယ်” ဟု ရေးသားထားသည့် စာအုပ်တစ်အုပ်၊ အခြားပစ္စည်များ မိန်းကလေး၏ ကိုယ်ခန္ဓာမှ ကျပ်တစ်ထောင်တန်နှစ်ရွက် ရွှေရည်စိမ် နားဆွဲတစ်ရန်တို့အား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကော့သောင်းမြို့မ စခန်းမှ သေမှုသေခင်း အမှတ် ၂၉/၂၀၁၆ ဖြင့် မှတ်တမ်းထားသော်လည်း တစ်ဦးတစ်ယောက်၏ ပယောဂ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ကော့သောင်းမြို့ရှိ တည်းခိုခန်းတွင် ဆွဲကြိုးချ သေဆုံးနေသော ဆယ်ကျော်သက် မိန်းကလေးငယ် အမှုအား ရဲတပ်ဖွဲ့က စုံစမ်းနေ