တေးသံရှင်ပိုပို၏ ငယ်ဘ၀ ဖြတ်သန်းရာ

တေးသံရှင်ပိုပို၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 22 September 2016
သဲသီရိကျော်

ယခုတစ်ပတ်အတွက်  အနုပညာရှင်ရဲ့ ငယ်ဘ၀ အမှတ်တရ ကဏ္ဍမှာတော့ တေးသံရှင် ပိုပိုရဲ့ အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။
ငယ်စဉ်ကတည်းက ဂီတကို ဝါသနာပါခဲ့ပြီး၊ Underground  လောကမှာ ခြောက်နှစ်ကျော်လောက် တဆင့်ချင်း ကိုယ်တိုင်ကြိုးစား ဖြတ်သန်းခဲ့ပြီးမှ ‘တေး သံရှင် ပိုပို’ ဆိုပြီး ပရိသတ် အသိအမှတ်ပြုခြင်း ခံခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး တေးစီးရီးဖြစ်တဲ့ ‘ချစ်ဖူးခဲ့သမျှ’ တစ်ကိုယ်တော် စီးရီးမှာ ကတည်းက ပရိသတ်ရဲ့တခဲနက် အားပေးမှုကို ရရှိခဲ့တဲ့ ပိုပိုကို ၁၉၉၀ ခုနှစ်၊ မေ ၁၆ ရက်မှာ မွေးဖွားခဲ့တာပဲ ဖြစ်ပြီး၊ ရန်ကုန် ဇာတိ ဖြစ်တယ်လို့ သိရပါတယ်။
ဖခင်ဖြစ်သူ ဦးအောင်ကျော်ဝင်းနဲ့ မိခင်ဖြစ်သူ ဒေါ်အေးအေးသိန်းတို့ရဲ့ တစ်ဦးတည်းသော သမီးလည်း ဖြစ်ပါတယ်။
‘‘ ပိုပို့ကို ရန်ကုန်၊ တောင်ဥက္ကလာပမြို့မှာ မွေးတာပါ။ ပိုပိုက ငယ်ငယ်ကတည်းက ယောကျ်ားလေး နည်းနည်းဆန်တယ်။ ပိုပိုရဲ့ ငယ်ဘဝမှာတော့ ကျောင်းအပ်တာကအစ အဘွားကပဲ အပ်ပေးတယ်။ ကိုယ့်မိဘနဲ့ နေရတယ ်ဆိုတာမျိုး မရှိဘူး။ အဘွားနဲ့ပဲ နေခဲ့ရတယ်။ သူများကလေးတွေဆိုရင် ကျောင်းသွားကျောင်းပြန် အချိန်တွေဆို သူတို့မိဘတွေက လာကြိုကြတာမြင်ရင် ပိုပိုလည်း အဲဒီလိုမျိုးလေး ဖြစ်ချင်တယ်။ ဒါပေမဲ့ ပိုပိုကတော့ ကိုယ့်ဘာသာကိုယ်ပဲ ကျောင်းသွားရတယ်၊ ကျောင်းပြန်လည်း ကိုယ်တစ်ယောက်တည်းပဲ။လာကြိုမယ့်သူ ဆိုတာလည်း မရှိခဲ့ ဘူး။ ပိုပို့ရဲ့ ငယ်ဘဝကတော့ အဲဒီလိုမျိုး ဖြတ်သန်းခဲ့ရတာပေါ့’’ လို့ သူမရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုအကြောင်းကို ပြောပြခဲ့ပါတယ်။
သူမက တောင်ဥက္ကလာ အ-မ-က ၂၂၊ အ-လ-က (၆) နဲ့ အ-ထ-က ၄ ကျောင်းတို့မှာ တက်ရောက်ခဲ့တာပဲဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုတော့ ၂၀၀၆ ခုနှစ်မှာ အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
‘‘ ပိုပိုက တစ်ဦးတည်းသော သမီးလည်း ဖြစ်တော့ အပေါင်းအသင်းကို တအားခင်တတ်တယ်။ ပညာရေးမှာတော့ အရမ်းလည်း ညံ့တဲ့ထဲမှာ မပါသလို အရမ်းတော်တဲ့ ကျောင်းသူထဲမှာလည်း မပါဘူး။ မှတ်မှတ်ရရ ဆုဆိုလို့ လေးတန်းနှစ်တုန်းက တတိယဆုတစ်ဆုပဲ ရခဲ့ဖူးပါတယ်။ သုံး၊ လေးတန်း အရွယ်လောက်တုန်းက သူငယ်ချင်းတွေနဲ့ ဆော့ကြတော့ ပိုပိုက ‘ကျန်ကျောင်း’လုပ်တယ်၊ သူငယ်ချင်းတွေကလည်း ‘ပေါင်ချိန်’လုပ်တဲ့သူကလုပ်နဲ့ အဲဒီလိုမျိုး အချိန်တွေကို အခု အရမ်းသတိရတယ်’’လို့ သူမရဲ့ ကျောင်းသူဘ၀ ဖြတ်သန်းမှုကို ကြည်ကြည်နူးနူး ပြန်လည် ပြောပြခဲ့ပါတယ်။
အထက်တန်း ကျောင်းသူဘ၀ အမှတ်တရနဲ့ ပတ်သက်ပြီးတော့လည်း ‘‘ ၉ တန်း၊ ၁၀ တန်း နှစ်တွေတုန်းကတော့ ကျူရှင်အချိန်တွေ မတိုင်ခင်ဆိုရင် သူငယ်ချင်းတွေနဲ့ ကာရာအိုကေဆိုင် သွားကြတယ်။သီချင်းဆိုတာတော့ ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ ရပ်ကွက်ထဲမှာ သီချင်းဆိုပြိုင်ပွဲတွေ ရှိရင်လည်း ဆိုလိုက်တာပဲ။ပိုပို ၈ တန်းနှစ်မှာကတည်းက အဖေက ဆုံးသွားတာ၊ ပိုပိုကို ဒါလုပ်ရမယ်၊ ဘယ်လိုလုပ်ပါ ပြောမယ့်သူ မရှိဘူး။ ပိုပိုဘာသာပဲ ကိုယ့်အသိနဲ့ကိုယ် ၁၀ တန်းကိုလည်း နှစ်ချင်းပေါက် အောင်မြင်အောင် ကြိုးစားခဲ့ရပါတယ်’’လို့ ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ပြီးချိန်မှာတော့ ဒဂုံတက္ကသိုလ်မှာ Zoology မေဂျာအထူးပြု တက်ရောက်ခဲ့ပြီး၊ ပထမနှစ် တက်ရောက်ပြီးချိန်မှာပဲ ဥပဒေဘာသာရပ် အထူးပြု အဝေးသင်ကို ပြောင်းလဲ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
‘‘ပထမနှစ်မှာ Day တက်တော့ ပျော်တယ်။ ဒါပေမဲ့ အဘွားရဲ့ ကျန်းမာရေး အခြေအနေကြောင့် အဘွားကို ပြုစုဖို့အတွက်ရော၊ ပိုပိုဝါသနာပါတဲ့ သီချင်းတွေ လုပ်နိုင်ဖို့ အချိန်ပို ရဖို့အတွက်ရော အဝေးသင် ပြောင်းတက်ခဲ့တယ်။ Zoology ထက်စာရင် Law တက်တာ ပိုကောင်းမယ်ထင်လို့ Law နဲ့ အဝေးသင် တက်ခဲ့တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တတိယနှစ်လောက်ရောက်တော့ ပိုပို ကျောင်းနားလိုက်ပါတယ်’’ လို့ သူမက ပွင့်လင်းစွာ ပြောပါတယ်။
ကျောင်းသူဘဝမှာကတည်းက သူမ ဝါသနာပါတဲ့ ဂီတအလုပ်တွေကိုလည်း လုပ်ဆောင်နေခဲ့ပါတယ်။ ဂီတာတီးသင်၊ ပရဟိတ ရှိုးပွဲတွေမှာလည်း သီချင်းဆို၊ သူမကိုယ်တိုင် ရေးထား၊ ဆိုထားတဲ့ သီချင်းတွေကို လူအများသိရှိလာဖို့အတွက် အွန်လိုင်းမှာ သီချင်းတင်လို့ရတဲ့ Website တွေမှာလည်း သူမဆိုထားတဲ့ သီချင်းတွေကိုတင်ပြီး ပရိသတ်တွေ သတိပြုမိစေဖို့ အချိန်ယူ ကြိုးစားခဲ့ပါတယ်။
‘‘အဲဒီတုန်းက Underground မှာ ပိုပို ခြောက်နှစ်ကျော်လောက် ကြိုးစားခဲ့ရတယ်။ တချို့ပိုက်ဆံမရတဲ့ နယ်ရှိုးတွေမှာ ဆိုရင်လည်း ဝင်ဆိုခဲ့တာမျိုး ရှိပါတယ်။ အဲဒီလို ဖြတ်သန်းပြီးမှ ပိုပို့ရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေ ထွက်နိုင်ခဲ့တာပါ’’လို့ သူမရဲ့ဂီတလောက ဖြတ်သန်းမှု အကြောင်းကို ပြောပြပါတယ်။

လက်ရှိမှာတော့ သူမရဲ့တစ်ကိုယ်တော် စီးရီးအနေနဲ့ ‘ချစ်ဖူးခဲ့သမျှ’ နဲ့ ‘အလွမ်းသီချင်းမကြိုက်တဲ့ ရေဒီယို’  စီးရီးခွေနှစ်ခွေ ထွက်ရှိထားပြီး၊  Show ပွဲများမှာလည်း ပါဝင် သီဆို ဖျော်ဖြေလျက် ရှိပါတယ်။ ဂီတအလုပ်တွေအပြင် သရုပ်ဆောင်အလုပ်ကိုပါ လုပ်ဆောင်လာပြီဖြစ်တဲ့ ပိုပိုက ပထမဆုံး ဇာတ်ကားအနေနဲ့ ‘ကြောက်ကြောက်ကြောက်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။
‘‘ပိုပိုက သရုပ်ဆောင်ရတာလည်း ဝါသနာပါ ပါတယ်။ ဒါပေမဲ့ ပိုပိုရဲ့ အဓိက အလုပ်ကတော့ အဆိုပိုင်း ဖြစ်တဲ့အတွက် အဲဒါကိုတော့ ဦးစားပေးပြီး လုပ်ဖြစ်ပါတယ်။အခုလောလောဆယ် ကြေငြာတွေရိုက်ဖို့ လက်ခံထားတာလည်း ရှိပါတယ်’’လို့ သူမက ဆိုပါတယ်။ လတ်တလောမှာတော့ သူမရဲ့ ဒုတိယမြောက် စီးရီး VCD ရိုက်ကူးနေသလို၊ တတိယအခွေ အတွက်လည်း စီစဉ်နေပါတယ်ဆိုတာ ပြောကြားရင်း ခေတ္တရပ်နားလိုက်ပါတယ်။                     

Most Read

Most Recent