သံတွဲမြို့နယ်အတွင်း ကားတစ်စီး တိမ်းမှောက်သွားရာမှ သွားရောက်စစ်ဆေးစဉ် ဘင်္ဂါလီ ခုနစ်ဦးကို စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။သံတွဲမြို့နယ် ပုဇွန်ဖြေကျေးရွာအုပ်စု ခရေတန်းကျေးရွာအနီး စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီခန့်တွင် အေဒီဗင် အမျိုးအစား အဖြူရောင် ယာဉ်အမှတ် YGN-1G 4292 ယာဉ်သည် လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်မောင်းနှင့် လိုက်ပါလာသူများသည် ခရေတန်းကျေးရွာ အနီးရှိ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သတင်းအရ ကျောက်ကြီးနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်တင်နှင့် အဖွဲ့က ရွာသူရွာသားများနှင့် လိုက်လံရှာဖွေကြရာ ဘင်္ဂါလီ အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကားနဲ့ သွားတဲ့အခါ ကားလဲတော့မှ တွေ့တာပါ။ ကျွန်တော်တို့အပိုင် ကျောက်ကြီး စခန်းနားမှာ မိတာပါ” ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်က ပြောကြားသည်။“သူတို့ စီးလာတဲ့ကားက သံတွဲမြို့ အထွက်နားလေးက ပုဇွန်ဖြေနားက ခရေတန်း အလွန်မှာ လမ်းနံဘေး ထိုးကျသွားတာ။ အဲဒီတော့ သူတို့တွေက အဲဒီနားမှာ ပုန်းနေတာ။ ကားမှောက်တယ်ဆိုတဲ့ သတင်းရလို့ သွားတော့မှ အဲဒီနားမှာ မိတာပေါ့။ မိတာက ခုနစ်ယောက် ရှိပါတယ်။ သူတို့လာတာ ကျောက်တော်က သုံးယောက်၊ မင်းပြားက လေးယောက်ပါ။ စစ်တာကတော့ လဝက စစ်ဆေးတာ ဖြစ်ပါတယ်။ အမှုတော့ မဖွင့်ရသေးဘူး။ သံတွဲခရိုင် လဝကက ပြည်နယ် လဝကကို လမ်းညွှန်မှု ခံယူထားတယ်။ ပြည်နယ် လဝကရဲ့ ညွှန်ကြားမှုအရ ဆက်လက် ဆောင်ရွက်မယ်လို့ သိရပါတယ်။ ယာဉ်မောင်းကတော့ မမိသေးပါဘူး” ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ဖမ်းဆီးရမိသော ဘင်္ဂါလီများအား စစ်ဆေးမေးမြန်းခဲ့ရာ စက်တင်ဘာ ၁၅ ရက် ည ၈ နာရီတွင် ရခိုင်ပြည်နယ် မင်းပြားမြို့မှ ၆၈ သစ်စက် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်မောင်းနှင်လာသော်လည်း အမည်မသိ အသက် ၂၅ နှစ် ခန့်မှန်း ဗမာစကားပြောဆိုသူ မောင်းနှင်လာသည့် YGN-1G-4292 အေဒီဗင်ဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီ အခင်းဖြစ်ရာနေရာတွင် အိပ်ငိုက်ကာ လယ်ကွင်းသို့ ထိုးကျခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း၊ ယာဉ်မောင်းက တစ်ဦးလျှင် ငါးသိန်းကျပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးချက်များအရ သိရသည်။
သံတွဲမြို့နယ်အတွင်း ကားတစ်စီး တိမ်းမှောက်သွားရာမှ သွားရောက်စစ်ဆေးစဉ် ဘင်္ဂါလီ ခုနစ်ဦးကို ဖမ်းဆီး ရမိခဲ့