အထည်ချုပ်လုပ်ငန် စက်မှုဇုန်များ ထူထောင်လုပ်ကိုင်နိုင်ရန် MIC သို့ ဟောင်ကောင်နှင့် ကိုရီးယားမှ အဆိုပြု တင်ပြထားသဖြင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများနှင့် မြေနေရာအတွက် အဓိက ဆွေးနွေးနေ

အထည်ချုပ်လုပ်ငန် စက်မှုဇုန်များ ထူထောင်လုပ်ကိုင်နိုင်ရန် MIC သို့ ဟောင်ကောင်နှင့် ကိုရီးယားမှ အဆိုပြု တင်ပြထားသဖြင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများနှင့် မြေနေရာအတွက် အဓိက ဆွေးနွေးနေ
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုတွင် လုပ်ငန်းလည်ပတ်နေသည့် အထည်ချုပ်စက်ရုံ တစ်ရုံ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုတွင် လုပ်ငန်းလည်ပတ်နေသည့် အထည်ချုပ်စက်ရုံ တစ်ရုံ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 17 September 2016
နီလာ

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း စက်ရုံစက်မှုဇုန်များ ထူထောင်လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ ဟောင်ကောင်နှင့် ကိုရီးယား နိုင်ငံတို့မှ လာရောက်အဆိုပြု တင်ပြထားကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့် မြေနေရာအတွက် အဓိကထား ဆွေးနွေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။“အထည်ချုပ် စက်ရုံတွေအတွက် အဓိက ဆွေးနွေးနေတာ ဟောင်ကောင် ဖြစ်ပါတယ်။ တခြားနိုင်ငံတွေပေါ့၊ ကိုရီးယားလည်း လာဆွေးနွေးတာ ရှိပါတယ်။ သို့သော်လည်း ဆွေးနွေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ စပြီး အကောင်အထည်ဖော်တဲ့အဆင့် မရောက်သေးပါဘူး။ ကျွန်တော်တို့ဘက်က အဆင့်သင့်ဖြစ်တဲ့ အခါမှာ သူတို့ ဝင်လာဖို့ ရှိပါတယ်။ ကျွန်တော်တို့က လောလောဆယ် မြေနဲ့ပတ်သက်ပြီး သေချာမှု ရှိအောင် အရင် လုပ်နေပါတယ်။ သူကတော့ နေရာ မရွေးပါဘူး။ နိုင်ငံတော်က ပေးနိုင်တဲ့ နေရာတွေမှာ သွားလုပ်မှာပေါ့။ အထည်ချုပ်ကတော့ ဆိပ်ကမ်းနဲ့ နီးတဲ့နေရာမှာဆိုတော့ ရန်ကုန်တိုင်းတို့ ပဲခူးတိုင်းတို့မှာ ပိုပြီးတော့ အလားအလာ ပိုကောင်းပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်တင်ပြထားသည့် အဆိုပြု လုပ်ငန်းများအနက် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရေးကို အဓိက ခွင့်ပြုပေးသွားမည်ဟု သိရသည်။“အထည်ပဲချုပ်ချုပ်၊ ကျန်တဲ့လုပ်ငန်းပဲ လုပ်လုပ် ကျွန်တော်တို့ အဓိက ဦးစားပေးနေတာ အလုပ်အကိုင် အခွင့်အလမ်းပဲ ဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။စက်မှုဇုန်များ ထပ်မံဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက် ရှိရာ၌် လက်ရှိတွင် ဇုန်အများစုမှာ သီးသန့်ဇုန် မရှိဘဲ ရောထွေး လုပ်ကိုင်သည့် ဇုန်များသာ ဖြစ်နေသဖြင့် အထည်ချုပ်လုပ်ငန်း စက်မှုဇုန်၊ စားသောက်ကုန် လုပ်ငန်းစက်မှုဇုန်၊ အီလက်ထရွန်နစ် ပစ္စည်း ထုတ်လုပ်သည့် စက်မှုဇုန် စသည်ဖြင့် သီးသန့်စက်မှုဇုန်များ ထူထောင်နိုင်ပါက ပိုမို ကောင်းမွန်သည့် အခြေအနေများ ရှိလာနိုင်ကြောင်း သိရသည်။“လက်ရှိ ကျွန်တော်တို့ စဉ်းစားတဲ့ အထဲမှာ စက်မှုဇုန်တွေ ထူထောင်မယ်ဆိုတဲ့ အထဲမှာ အထည်ချုပ်လုပ်ငန်းတွေကို အထူးပြု ဆောင်ရွက်မယ့် စက်မှုဇုန်တွေ ထူထောင်သွားဖို့ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး MIC ကို လာရောက်ပြီးတော့ အထည်ချုပ်နဲ့ ပတ်သက်ပြီး စက်မှုဇုန်တွေ ထူထောင်ပါရစေဆိုပြီး လာရောက် အဆိုပြုထားတာတွေ ရှိပါတယ်။ ပြည်ပ ကုမ္ပဏီတွေ ရှိပါတယ်။ သူတို့လည်း လောလောဆယ် အခြေအနေမှာ လိုအပ်တာတွေ ပြင်ဆင်နေပါတယ်။ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတွေနဲ့ ကျွန်တော်တို့ မြေကိစ္စလေးတွေ ပြီးပြတ်သွားပြီဆိုရင် Location ပေးနိုင်ပြီဆိုရင် ဒါတွေ မကြာခင် ပေါ်လာမှာ ဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ လည်ပတ်နေသည့် အထည်ချုပ်စက်ရုံ ၄၀၀ နီးပါး ရှိနေပြီး အဆိုပါ စက်ရုံများတွင် လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်သားအင်အား သုံးသိန်းခွဲကျော် ရှိနေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။အဆိုပါ လည်ပတ်နေသည့် စက်ရုံများ စာရင်းမှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ စာရင်းများဖြစ်ပြီး အဆိုပါ စက်ရုံများအနက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် စက်ရုံ ၁၇၁ ရုံ၊ မြန်မာနိုင်ငံသားပိုင် စက်ရုံ ၁၉၆ ရုံနှင့် ဖက်စပ်လုပ်ကိုင်နေသည့် စက်ရုံမှာ ၂၂ ရုံအထိ ရှိနေကြောင်း သိရသည်။  

Most Read

Most Recent